(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အ.ထ.က(၂)ဒဂုံ အမျိုးသားကျောင်းတွင် ကျင်းပ

ရန်ကုန်  ၂၁   နိုဝင်ဘာ

 

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)ရှိ ဦးဘလွင် ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပခဲ့ကြပြီး ယခုနှစ်ဆိုလျှင် (၉၉)နှစ်မြောက် သို့ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ သမိုင်းကြောင်း သင်ခန်းစာများကိုရယူပြီး ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်ရန်၊ ၂၁ ရာစု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်၊ ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးရန်၊ လူ့အဖွဲ့အစည်းနှင့် ခေတ်မီစီးပွားရေးတွင် ဝင်ဆန့်နိုင်ရေးအတွက် ပြင်ဆင်ပေးရန်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲပြီး သဟဇာတရှိစွာနေထိုင် တတ်ရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာသော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့မကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးတင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(၂)ဒဂုံမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူ များကိုဆုချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက (၆)ဘာသာ ဂုဏ်ထူးရရှိသူ(၂)ဦးအား လည်းကောင်း၊ ဆရာကြီး ဦးဘလွင်၏သမီး ဒေါ်စုစုလွင်က အမှတ်အများဆုံး ရရှိသူ(၁)ဦးအား ဦးဘလွင် ပညာသင်ဆုကို လည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက (၉၉)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ရင် က အထက(၂)ဒဂုံမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ (၁)ဦးအား ဗုဒ္ဓဂယာ ဘုရားဖူး လက်မှတ်ချီးမြှင့်သည်။

 

ယင်းနောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

(သတင်းစဉ်)