“9 Dreams Show 2019" အမည်ဖြင့် ဂီတဖျော်ဖြေပွဲ ယခုလ (၁၁ ) ရက်နေ့တွင် အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မည်

၄  ဇန်နဝါရီ

 

ဇန်နဝါရီ ၁၁ ရက်နေ့ည ၇ နာရီအချိန်တွင် အမျိုးသားကဇာတ်ရုံ (မြို့မကျောင်းလမ်း)တွင် " 9 Dreams Show 2019" အမည်ဖြင့် ဂီတဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင်  တေးသံရှင် နောနော်၊ ဂျီလတ်၊ ဝေလ၊ ဖိုးပြည့်၊ ထက်အောင်ရှိုင်း၊ ဖြူဖြူကျော်သိန်း၊ ဆုန်သင်းပါရ်၊ အိုင်းရင်းဇင်မာမြင့်၊ ငဲငယ်လေးတို့ ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

IMG_9677 အႏုပညာ (3)

 

စီစဉ်သူ ကိုဝေဖြိုး( The Royal Band)

 

" ဒီပွဲလေးစပြီး လုပ်ဖြစ်တာကတော့ ကျွန်တော် တစ်ယောက်တည်း စတာတော့မဟုတ်ပါဘူး၊ မဆုန်ရ်သင်း  ရယ်၊ ကျွန်တော်ရယ် နောက် ကိုမင်းရယ်  သုံးယောက်သား တိုင်ပင်ရာကနေဖြစ်လာတာပါ ၊ " 9 Dreams လို့ ပေးဖြစ်တာကတော့ ကိုဂျီလတ်က စပြီးပေးဖြစ်တာပေါ့နော်၊ ကျွန်တော်တို့ ကိုယ်တိုင်တီးရ၊ ဆိုရတဲ့ပွဲလေးကို ကိုယ်တိုင်စိတ်တိုင်းကျ ဖြစ်ချင်တဲ့အတွက်ကြောင့် စီစဉ်တဲ့သဘောပါပဲ၊ ကိုယ်နဲ့ ရင်းနှီးတဲ့အဆိုတော်တွေကို အကူအညီတောင်းကြတယ်၊ ဝိုင်းဝန်းကူညီကြပါတယ်၊ ကျွန်တော်တို့ သီချင်းတွေကို ၇ ရက် ၈  ရက်နေ့မှာ တိုက်ကြမှာပါ၊ ပထမတုန်းကတော့ ၅ ရက်နေ့ လုပ်မို့ပါပဲ၊ ဒါပေမယ့် (၄) ရက်နေ့က လွတ်လပ်ရေးနေ့ ဖြစ်သွားတာမို့ ဆိုတော့ ကျွန်တော်တို့ ဒီ(၁၁) ရက်နေ့ကို ပြန်ရွေ့ပြီးလုပ်ဖြစ်ခဲ့တာပါ ၊၂၀၁၉ ခုနှစ်ရဲ့  ပွဲဦးထွက် ပွဲလေးဆိုလည်းမမှားပါဘူး။

 

IMG_9677 အႏုပညာ (1).

 

အဆိုတော် ဂျီလတ်

 

" ဒီပွဲ က ပထမတော့ လွတ်လပ်ရေးနေ့ပြီးတာနဲ့ လုပ်မယ်ဆိုပြီး စဉ်စားထားတာပေါ့နော်၊ ပထမတော့ 7 Dreams ဆိုပြီးလုပ်ကြမယ်ပေါ့၊ ဒါပေမယ့်  ၂၀၁၉ ဆိုတော့ 9 Dreams ဖြစ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့  အဆိုတော် ၉ ဦး နဲ့ ဒီပွဲလေးကို အမှတ်တရဖြစ်ချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါပဲ၊ ကျွန်တော်တို့ အားလုံးလည်း သတိထားမိကြမယ်ထင်ပါတယ်၊ လက်မှတ်နဲ့ ပြုလုပ်တဲ့ပွဲတွေ တစ်အားနည်းသွားတာ သတိထားမိကြမှာပါ၊ အဲ့အတွက် စိတ်မကောင်းစရာပါပဲ၊ အခုနောက်ပိုင်း ပုံစံမျိုးစုံနဲ့ ဂီတဖျော်ဖြေပွဲတွေက မြင်ရတော့တယ်၊ အဲ့တော့  လက်မှတ်နဲ့ဖျော်ဖြေပွဲတွေ နည်းသွားတယ်၊ အခုလို ဖြစ်လာတာဟာလည်း ဘာကြောင့်လို့လည်းဆိုတာ မပြောတတ်ပေမယ့် အခုပွဲလေးကို လာအားပေးစေချင်ပါတယ်၊

 

IMG_9677 အႏုပညာ (2)

 

အဆိုတော် ဆုန်သင်းပါရ်

 

" အခုပွဲလေးလုပ်ဖြစ်ခဲ့တာက၊ သူငယ်ချင်းတွေနဲ့ သေချာတိုင်ပင်ပြီး လုပ်ဖြစ်ခဲ့တာပါ၊ အဆိုတော် မောင်နှမတွေ ဆုံရတဲ့ပွဲဖြစ်တာမို့ပျော်တယ်၊ ဆုန်သင်းတို့ ဝင်ကြေးအခမဲ့ပွဲတွေ ဆိုရတာများလာတော့ လက်မှတ်ပေးပြီး ကြည့်ရတဲ့ပွဲတွေ ဆိုချင်လာတဲ့စိတ်က ပြင်းထန်လာတယ်၊ ပါဝင်တဲ့သူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်က အဆိုပိုင်းမှာ မတူတဲ့ အားသာချက်တွေရှိတော့ ပရိသတ်အတွက် ကြည့်ရတာပိုပြီး အားဖြစ်စေတယ်၊ ပြီးတော့ အခုလို လက်မှတ်ပေးကြည့်ရတဲ့ ပွဲတွေဆိုတာ အရမ်းရှားသွားပြီလေ၊" ဟု ပါဝင်ကြသူများက အသီးသီး အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။

 

အဆိုပါ ဂီတဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူများအနေဖြင့်  လက်မှတ်များကို   ၅ သောင်း၊ ၄ သောင်း၊ ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း (အပေါ်ထပ်)သတ်မှတ်ထားပြီး၊ ဝယ်ယူလိုပါက မန်းသီရိတေးသံသွင်း၊ Champion Sports & Garments၊ မြို့မကျောင်းလမ်း( အမျိုးသားကဇာတ်ရုံနှင့်ဦးဝိစာရအိမ်ရာကြား)၊ Junction Square ၊TOPAZ Beauty Sallon (ပြည်သာယာလမ်း)တို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း