(၈)ကြိမ်မြောက် (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်  ၁၇  ဖေဖော်ဝါရီ 
                                                           
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးအတွက်  အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင်ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဦးက အဖွင်အမှာစကားပြောကြား ရာတွင် “ ကျင်းပ ပြီးစီးခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်း အဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် များဆက်လက် အကောင်အထည်ဖော်ရန် နှစ်ဖက် ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့များ သည်  ဖေဖော်ဝါရီ ၂ ရက် နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ NRPC တွင် တွေ့ဆုံခဲ့ကြ ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆိုပြုချက်ကိစ္စများအား ပြန်လည် ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့ကြသည့်အတွက် မိမိတို့နှစ်ဖက်ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ ယနေ့တွင် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း။ 

နှစ်ဖက် အလုပ်အဖွဲ့များအနေနှင့် ယခင် အဆိုပြုချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ရလဒ်များ၊ သဘောတူညီမှုများကို ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းနိုင်ကြမည်ဟုမျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးများ ကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီတည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသလို NCA ကတိကဝတ်ပါ မျှော်မှန်းချက်များအပြင် အကောင်အထည် ဖော်မှု လုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ သဘောတူညီချက်များ ချမှတ်မည် ဆိုသည်ကို လည်း အကျေအလည် ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးအခြေခံမူများ ရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းကြရမည် ဖြစ်သလို တစ်ဖက်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးမှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးအထိ ဆွေးနွေးညှိ နှိုင်းသွားရန်၊ ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးတည် ဆောက်သွားကြရန်လိုအပ်ပါကြောင်း။

NCA အခန်း(၃)၊(၄)၊(၆)ပါ  ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များကိုလည်း ယမန်နေ့ကကျင်းပသည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏နှစ်ဖက်ညှိနှိုင်း အစည်းအဝေးတွင် အစိုးရဘက်က အဆိုပြုထားပြီး မည်ကဲ့သို့ စုဖွဲ့ ဆွေးနွေးကြမည် ဆိုသည် ကိုလည်း ဆွေးနွေခဲ့ကြပြီး ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးသည် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် (၂၁) ရာစု ပင်လုံညီလာခံတွင် ရလဒ်ကောင်းများရရှိရန်အတွက် မိမိတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ထားသည့်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ အစောပိုင်း လေးလတာ ကာလအတွင်း ကျင်းပနိုင်ရန်အတွက် ညီလာခံလုပ်ငန်းစဉ်များကို အမြန်ဆုံး စတင် လုပ်ဆောင်ရန်လိုပါကြောင်း၊ ညီလာခံမတိုင်မီ ကျင်းပရမည့် နှစ်ဖက်ညှိနှိုင်းဆွေးနွေး ပွဲများ၊ ကျင်းပမည့် အချိန်ဇယား Timeline များကို မိမိတို့အကြား ညှိနှိုင်းသဘောတူ ထားရန်လည်း လိုအပ်ပါကြောင်း၊ JICM အစည်းအဝေး အပြီး ၂ လအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးမှု ပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးများ ခေါ်ယူကျင်းပ ရန် JICM က သဘောတူထားပြီး ဖြစ်ကြောင်း။ 

ယမန်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် JMC အစည်းအဝေး ကျင်းပမည့် ရက်ကို အဆိုပြုညှိနှိုင်းခဲ့ကြပြီး သက်မှတ်အဆိုပြုနိုင်မည့် အနေအထားဖြစ်ပါကြောင်း၊ UPDJC အစည်းအဝေး ကျင်းပသည့်အခါ  အထူးသဖြင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ပြန်လည်ပြင်ဆင် အတည်ပြုရန်ရှိပါကြောင်း၊ ထို့ကြောင့် (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် ယနေ့အစည်းအဝေးတွင် UPDJC အစည်းအဝေး အပါအဝင် ညီလာခံ မတိုင်မီ ကျင်းပရမည့် ဆွေးနွေးပွဲများအတွက် အချိန်ဇယားကို နှစ်ဖက် ဆွေးနွေး ညှိနှိုင်းပေးကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။ 

၂၀၂၀ ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြစ်သည့် နှစ်လ အတွင်း UPDJC နှင့် JMC အစည်းအဝေးများ ခေါ်ယူကျင်းပ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် အစိုးရနှင့် အပစ် အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCA-S EAO) တို့၏ ညှိနှိုင်း အစည်းအဝေးတွင် JMC အစည်းအဝေးများကို မတ်လ (၁၀)၊ (၁၁) နှင့် (၁၂) ရက်များတွင် ပြန်စနိုင်ရန်အတွက် အစိုးရကိုယ်စားလှယ်များဘက်မှ အဆိုပြုထားပြီးဖြစ်သည်။ 

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက “မနေ့ကကျင်းပခဲ့တဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တွေရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ကောင်းမွန်တဲ့ရလဒ်တွေ ဆောင်ကြဉ်း ပေးနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီလိုရလဒ်ကောင်းတွေ ရရှိခဲ့တာဟာ နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အလေးထား အရေး ပေးမှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။ ဒီရလဒ်ကောင်းတွေအတွက် NCA-S EAO ကိုယ်စား မိမိအနေနဲ့ ချီးကျူးဂုဏ်ပြုပါတယ်။ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု နှုတ်ခွန်းဆက်အမှာ စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာစကားတွင် “အစိုးရညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပြီးခဲ့သည့်ပထမအကြိမ် တရားဝင်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေး တင်ပြချက်များ၊ အဆိုပြုချက်များအပေါ် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ပြန်လည်ယူဆောင်လာသည့် အဆိုပြုချက်များကို ယခု အစည်းအဝေးတွင် အသေးစိတ် အပြန်အလှန်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း အချိန်ဇယား Timeline နှင့် ပတ်သက်၍ အစည်း အဝေးကျင်းပရေးဆိုင်ရာ အစီအစဉ်များကို နှစ်ဖက်ညှိနှိုင်းသွားရန်ရှိပါကြောင်း၊ UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူး အစည်းအဝေး၊ လုပ်ငန်းကော်မတီ အစည်း အဝေး ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ JICM အစည်းအဝေးများကို ဆင့်ကဲကျင်းပ သွားရမည်ဖြစ်သောကြောင့် အဆိုပါအစည်းအဝေးများအတွက် ပြင်ဆင်မှု လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။ 

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးကျင်းပသည့် အခါတွင် NCA စာချုပ် လက်မှတ်မရေးထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ညီနောင်EAOများ ပါဝင် တက်ရောက်နိုင်ရေးကိုလည်း နှစ်ရက်တာ အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေးသွားရန်ရှိပါကြောင်း၊ ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်သလို ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာအောင် နှစ်ဦးနှစ်ဖက်က ကြိုးပမ်းဆောင်ရွက်နေသည့် အခိုက်အတန့်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက်ဆွေးနွေး ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးသည့်အချို့ အကြောင်းအရာ များကို ယခုအစည်းအဝေးတွင် ယာယီ ချန်လှပ်ထားရန် လိုအပ်သည်ဟု မြင်ပါကြောင်း၊ မိမိတို့ အားလုံးသည် ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်း၏ ကောင်းကျိုးကိုသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အားလုံး နှင့်သက်ဆိုင်သည့် ပြည်ထောင်စုကောင်းကျိုး အတွက် ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်သည်ကို နှလုံးသွင်း လက်ကိုင်ထားရမည် ဖြစ်ကြောင်း။

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် “ငြိမ်းချမ်းရေးကို အစိုးရရဲ့ အဓိကဦးစားပေး လုပ်ငန်းကြီး တစ်ရပ်အဖြစ် သတ်မှတ်လို့ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ပါတယ်” ဟု မိန့်ကြားခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုနေ့အခမ်းအနား မိန့်ခွန်းတွင်လည်း “ နိုင်ငံအတွက် အသက် တမျှ အရေးတကြီး လိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကိ်ု စုပေါင်း အားနဲ့ ရယူသွားကြဖို့” မြွတ်ကြားထားခဲ့ပါကြောင်း၊  လွယ်တိုင်းလျဲန်တွင် ကျင်းပပြုလုပ်သည့် (၇၃) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ သဝဏ်လွှာ တွင် “တိုင်းရင်းသား များအနေဖြင့် မိမိတို့လိုလားချက် များကို နိုင်ငံရေးဆွေးနွေး ပွဲများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီးဖြစ်ပါသည်” ဟု ညွှန်းဆိုထားကြောင်း။ 

 

1

 

ညွှန်းဆိုထားသည့်အတိုင်း မိမိတို့နှစ်ဖက်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့များ အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုး၊ ပြည်ထောင်စုအကျိုး နှင့် အားလုံးအကျိုးတို့ကို မျှော်ကိုးပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတိ၊ ပညာ နှင့်  ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင် ရွက်သွားကြမည်ဆိုပါက အားလုံးလိုလားတောင့်တသည့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတို့ကို မုချရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ 

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း) မှဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်း ၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့်ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦးတို့ တက်ရောက်ကြ သည်။

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်