(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ် ပုဗ္ဗသီရိမြို့နယ်  ကြံဖိုစုကျေးရွာ ဆင်သေချောင်း လျှပ်စစ် ရေတင်မှ နွေသီးနှံရေပေးဝေ

နေပြည်တော်   မတ်   ၂၂

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲနှင့် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း AERDTC ၌ ကျင်းပသည်။ 

 

အခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင်ဆောင်ရွက်ကြမည့် မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းဝင်ကျေးရွာ(၄၀)မှ ကျေးရွာသစ် လှုပ်ရှားမှုကော်မတီဥက္ကဌများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးဦးစီးဌာနက ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ အထောက်အပံ့ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာပေါင်း(၂၂၄)ရွာ၏ အခြေခံအဆောက် အအုံများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ကျေးရွာများအနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထုတ်လုပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းစံပြ ဆောင်ရွက်ကြမည့် ကျေးရွာခေါင်းဆောင်များအနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွင် မိမိတို့ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်လာနိုင်အောင်စည်းရုံးပြီး စံနမူနာကောင်း ပေးနိုင်သည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားအားထုတ်ကြရန်နှင့် မိမိတို့ကျေးရွာများကို နေချင့်  စဖွယ်ကောင်းသော စံပြကျေးရွာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအတွက် ရန်ပုံငွေများ ထောက်ပံ့ ပေးအပ်ပြီး ဒုတိယဝန်ကြီးများက မတ် (၁၈) ရက်မှ ယနေ့ (၂၂) ရက်ထိ ကျေးရွာသစ် လှုပ်ရှားမှု အခြေခံသင်တန်း(/၂၀၂၄)သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ကြရာ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး နှင့် ဒုတိယဝန်ကြီးများ သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်  ကြံဖိုစုကျေးရွာ ဆင်သေချောင်း လျှပ်စစ်ရေတင်မှ နွေသီးနှံရေပေးဝေခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ် ရေတင်စက်ရုံကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးပြီးဖြစ်၍  စားရေရိက္ခာဖူလုံမှုကို အထောက်အပံ့ ဖြစ်စေမည့် သီးနှံများကို ဦးစားပေးစိုက်ပျိုးခြင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက် ရရှိရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စုပေါင်းစိုက်ပျိုး ထုတ်လုပ်သည့် လယ်ယာကုန်ထုတ် သမဝါယမအသင်းများ၏ စီးပွားရေးအောင်မြင်မှု အခွင့်အလမ်းများ ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားပြီး တောင်သူများ၏တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

ယခုဖွင့်လှစ်သည့် ကြံဖိုစုလျှပ်စစ် ရေတင်လုပ်ငန်းမှ စိုက်ပျိုးမြေ ဧက (၄၅၀) နွေသီးနှံစိုက်ပျိုးနိုင်ရေး အကျိုးပြုသွားမည်ဖြစ်ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဧက(၉၀) ထပ်မံတိုးချဲ့ ပေးဝေနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ရာ စုစုပေါင်း ရေသောက်ဧရိယာဧက ၅၄၀  တွင် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)