(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

 

တွေ့ဆုံမေးမြန်း - အောင်ရဲသွင်

ဓာတ်ပုံ - ဖိုးပြည့်စုံ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကြီးတွင် ပါဝင်ပြသကြမည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းများအလိုက် မိမိတို့ဒေသ ထွက်ကုန် ပစ္စည်းများနှင့် ရိုးရာအစားအစာများကို ပြည်သူများအား ခင်းကျင်းပြသရောင်းချနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပွဲတော်အတွင်း ပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် ခင်းကျင်း ပြသ ရောင်းချသွားမည့် ဒေသထွက်ထုတ်ကုန်များ၊ ရိုးရာအစားအစာ များနှင့် စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသား တင်ပြလိုက်ရပါသည်-

 

ဦးတင်ဦး

(စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင်  တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုက MSME ထုတ်ကုန်အရောင်းပြပွဲနဲ့ ရိုးရာအစားအစာ အရောင်းပွဲတော်ကို ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့ လာရောက်ခင်းကျင်း ပြသခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကနေ ထွက်ရှိတဲ့ ကုန်ကြမ်းကို အခြေခံတဲ့ ထုတ်ကုန်တွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပြီး သွင်းကုန်အစားထိုးနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်နိုင်ဖို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့်ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန် အရောင်းပြခန်းမှာဆိုရင် စက်မှုလက်မှုနဲ့ ထုတ်ကုန် ပစ္စည်းတွေကို ဦးစားပေးပြသထားပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးပြခန်းမှာ  ကြံထွက်နှုန်းတွေ ကောင်းမွန်ဖို့အတွက် ပြည်တွင်းစက်မှု ကုန်ကြမ်းအနေနဲ့ တီထွင်ထားတဲ့ ကြံမျိုးချစက်ယန္တရားနဲ့ ကြံမြေဩဇာ ကြဲပက်စက်တွေကို ပြသထားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တီထွင်ထားတဲ့ စက်မှုတန်ဖိုးမြင့် ထုတ်ကုန်တွေကိုလည်း အရောင်းပြခန်းမှာ ပြသထားရှိမှာ ဖြစ်ပါတယ်။ One Region One Product ဆိုတဲ့မူအရ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်ခြောက်ခရိုင်နဲ့ မြို့နယ်  ၂၈ မြို့နယ်ရဲ့ ထုတ်လုပ်တဲ့ထုတ်ကုန်တွေကို ကဏ္ဍအလိုက် ပြသထားရှိမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ MSME အရောင်းပြခန်းနဲ့ တွဲဖက်ပြီး ရိုးရာအစား အစာအရောင်းဆိုင်မှာလည်း လူကြိုက်များပြီး ထင်ရှားကျော်ကြားတဲ့ အစားအစာတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ထုတ်လုပ်တဲ့ MSME ထုတ်ကုန် အရောင်းပြခန်းတွေကို ပြသမှာ ဖြစ်တဲ့အတွက် တစ်နေရာတည်းမှာ ကုန်စည်အမျိုးအစားများနဲ့ ရိုးရာအစားအစာများကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူခွင့်ရရှိမှာ ဖြစ်တဲ့အတွက် လာရောက်လေ့လာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

 

 

ဦးကျော်မင်းခိုင်

(တိုင်းရင်းသားရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်ကိုယ်စားပြုပြခန်းမှာ တာဝန်ခံအနေနဲ့ဆောင်ရွက်ပါတယ်။ ဒီပြပွဲမှာ ကျွန်တော်တို့ဒေသထွက် ကျောက် စိမ်း၊ ပယင်း၊ တစ်သျှူးငှက်ပျော၊ ပြောင်းဖူးတွေကို အဓိကပြသသွား မှာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ရိုးရာအစားအသောက်တွေကိုလည်း စုံစုံလင်လင်ရောင်းချသွားမှာပါ။ ဒီပြပွဲကြီး ကျင်းပပေးခြင်း အားဖြင့် ကျွန်တော်တို့တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ညီအစ် ကိုမောင်နှမတွေ တွေ့ဆုံရသလို နိုင်ငံ့စီးပွားရေးတိုးတက်စေဖို့အတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိမှာ ဖြစ်ပါတယ်။  ပြပွဲကြီးဟာ MSME လုပ်ငန်းရှင်တွေကိုလည်း အများကြီး အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက ပြည်သူတွေကိုလည်း ပြပွဲကြီးကို       လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

ဦးစိန်ထွန်းလှ

(တိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော်ကတော့ ချင်းပြည်နယ်ကိုယ်စားပြု ပြခန်းတာဝန်ခံ ဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်အနေနဲ့ ဒေသထွက်ခေါင်ရည်၊ ဝိုင်၊ ခေါက်ဆွဲခြောက်၊ တီးတိန်ကော်ဖီ၊ နွားနောက်သားခြောက်၊ အထည်အလိပ်တွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ထွက်ကုန်တွေကို လူတိုင်းက စိတ်ဝင်စားကြပါတယ်။ဒါကြောင့် ဒေသထွက်ကုန်တွေကို စုံစုံလင်လင်ဖြစ်အောင် ပြသသွားမှာဖြစ်ပါတယ်။ ဒီလိုပါဝင် ပြသခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဒေသခံတွေအနေနဲ့လည်း ကိုယ့်ဒေသထွက်ကုန်တွေကို တစ်နိုင်ငံလုံးက သိသွားကြတဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြပါတယ်။ ချင်းပြည်နယ်မှာ လူမျိုးနွယ်စု ၅၃ မျိုးရှိပါတယ်။ ဒီလူမျိုးနွယ်စုတွေရဲ့ အဓိကအစားအသောက်တွေကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ချင်းပြည်နယ်ရဲ့ ထွက်ကုန်တွေ၊ ရိုးရာအထည်အလိပ်တွေနဲ့ အစားအသောက်တွေကို လာရောက်ကြည့်ရှု လေ့လာကြပါလို့ ချင်းပြည်နယ်ကိုယ်စား ဖိတ်ခေါ်လိုက်ရပါတယ်။

 

ဦးဇော်ထွန်းအောင်

(တာဝန်ခံ၊ မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်များအရောင်းပြခန်း)

လက်ရှိကျွန်တော်တို့မှာ MSME ထုတ်ကုန်အရောင်းပြခန်းနဲ့ ဒေသထွက် ရိုးရာအစားအစာပြခန်းဆိုပြီး ပြခန်းနှစ်ခန်း စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီပြခန်းတွေအားလုံး ၉၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ဆောင်ရွက် ပြီးပါပြီ။ မကွေးတိုင်းဒေသကြီးကတော့ အများသိကြတဲ့အတိုင်း ဆီအိုးကြီးဒေသဖြစ်ပါတယ်။ ဒါကြောင့် မကွေးတိုင်းကထွက်ရှိတဲ့ မြေပဲဆီ၊ နှမ်းဆီတွေကို ရောင်းချသွားပါမယ်။ နောက်ပြီး ဒီမြေပဲဆီ၊ နှမ်းဆီထုတ် လုပ်တဲ့သစ်သားဆုံဆီကိုလည်း ပြကွက်တစ်ခုအနေနဲ့ ပြသသွားမှာဖြစ် ပါတယ်။ နောက်ပြီး ပခုက္ကူမြို့ကထုတ်တဲ့ ချည်ထည်အမျိုးမျိုးနဲ့ မင်းလှဒေသကထွက်တဲ့ လက်ရက်ကန်းချည်ထည်တွေကိုလည်း ရောင်းချသွား မှာ ဖြစ်ပါတယ်။ စလေကထွက်တဲ့ ဇီးဖျော်ရည်လုပ်ငန်းတွေအပြင် အမျိုးအစားစုံလင်အောင် ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလို MSME ထုတ်ကုန်တွေ ပြသရတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့စီးပွားရေး လုပ်ငန်းတွေအတွက်လည်း များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။ ပြပွဲမှာ  တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဒေသထွက်ကုန်တွေကို အများပြည်သူသိရှိအောင် ပြသနိုင်မယ့် အခွင့်အလမ်းလည်း ရရှိစေမှာ ဖြစ်ပါတယ်။ လာရောက်ရောင်းချတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်ဦး နဲ့တစ်ဦး  ချိတ်ဆက်မိပြီး  ဈေးကွက်ကျယ်ပြန့်စွာရရှိစေမှာ ပဲဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ ဒေသအလိုက် ထုတ်ကုန်တွေနဲ့ ရိုးရာအစားအစာတွေကို လေ့လာကြည့်ရှုပြီး ကြိုက်နှစ်သက်ရာကို အားပေးဝယ်ယူ နိုင်ကြမှာဖြစ်ပါတယ်။ 

 

ဦးသိန်းဆွေ

(တာဝန်ခံ၊ ရန်ကုန်တိုင်းဒေသကြီး MSME ထုတ်ကုန်များအရောင်း ပြခန်း)

ကျွန်တော်တို့   ရန်ကုန်တိုင်းဒေသကြီးအနေနဲ့     ပြခန်းသုံးခု ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန်နဲ့ အတူ သီလဝါစက်မှုဇုန်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းပြခန်း၊ MSME ပြခန်း၊ ဒေသထွက် စားသောက်ကုန်ပြခန်းတွေပဲ ဖြစ်ပါတယ်။ စက်မှုဇုန်ပြခန်းမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာထွက်တဲ့ ပြည်တွင်း ထုတ်ကုန်တွေအားလုံး ကို တန်ဖိုးမြင့်ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ ပါဝင်ပြသမှာပဲဖြစ်ပါတယ်။    စားသောက်ဆိုင်တွေမှာလည်း မြန်မာ့မုန့်မျိုးစုံကို ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလို ပြပွဲပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုတွေရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တခြားပြခန်းတွေက  အဆင့်မြင့်မြင့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုလည်း လေ့လာခွင့်ရမှာဖြစ်တဲ့အတွက် အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။  ပြည်သူတွေအားလုံးလည်း ပြပွဲကြီးကို လာရောက်ပြီး MSME ထုတ်ကုန်တွေကို လေ့လာကာ   ဒေသထွက် အစားအစာတွေကို   လာရောက် မြည်းစမ်းကြဖို့ ဖိတ်ခေါ်လိုပါတယ်။

 

ဒေါ်ဝတ်ရည်ဖြိုး(အဖွဲ့ဝင်၊ MSME ထုတ်ကုန်များအရောင်းပြပွဲ

အခမ်းအနားဖြစ်မြောက်ရေးဆပ်ကော်မတီ)

ကျွန်မတို့နိုင်ငံမှာ   MSME   လုပ်ငန်းတွေ   အများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဒေသထွက်ကုန်တွေကို  တစ်နေရာတည်းမှာ ခင်းကျင်းပြသထားတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ သတင်းအချက်အလက် တွေဖလှယ်နိုင်မှာ ဖြစ်ပါတယ်။  နောက်ပြီးကျွန်မတို့နိုင်ငံမှာ ပြည်ပတင်ပို့နေတဲ့   ဒေသထွက်ကုန်တွေလည်း ရှိပါတယ်။   ပြပွဲကတစ်ဆင့် ဒီထွက်ကုန်တွေလည်း ပြည်ပကို ပိုမိုတင်ပို့နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး တိုင်းရင်းသားရိုးရာအစားအသောက်တွေကိုလည်း   ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်။  ဒါကြောင့်  တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားစရာမလိုဘဲ ရိုးရာအစားအစာ စစ်စစ်ကိုလည်း ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ နေပြည်တော် ကိုယ်စားပြုပြခန်းမှာ နေပြည်တော်ရဲ့   နာမည်ကြီးဒေသထွက်ကုန်တွေကို   ပြသသွားမှာ ဖြစ်ပါတယ်။  ပြည်ပတင်ပို့နေတဲ့  နေပြည်တော်ဒေသထွက်ကုန်တွေအပြင်  သုံးဘီး ဆိုင်ကယ်တွေကိုလည်း  ပြခန်းမှာ  ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ဒီပြပွဲကြီးကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှ တိုင်းရင်းသားတွေ စုစည်းရတဲ့အတွက် ပျော်ရွှင်စရာကောင်းပါတယ်။ ဒေသရဲ့    ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်လေးတွေကိုလည်း ကျွန်မတို့လေ့လာခွင့်ရရှိမယ်။ နောက်ပြီး ပွဲတော်အတွင်းမှာ ချစ်စရာကောင်းတဲ့ တိုင်းရင်းသားရိုးရာအကအလှတွေကိုလည်း ခံစားရမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။