(၇၆) ကြိမ်မြောက် ကာတွန်းမီးထွန်းပွဲတော်ကို ကာတွန်းဦးဘဂျမ်းလမ်းတွင် ကျင်းပ

နိုဝင်ဘာ  ၁၀  ရန်ကုန်

 

 

(၇၆)ကြိမ်မြောက် တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် ၁၃လမ်း( အောက်လမ်း)၊ ဦးဘဂျမ်းလမ်းတွင် နို၀င်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ၅ ရက်ကြာ ပြသလျက်ရှိရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ 

 

 

ယခုနှစ်ကာတွန်းပြပွဲတွင် ပရိသတ်အကြိုက်ဆုအနေဖြင့် ဆယ်ဆုကို ပရိတ်သတ် တစ်ဦးလျှင် တစ်မဲနူနူန်းဖြင့် မဲပေးသည့် ကာတွန်းနံပါတ်များကိုရွေးချယ်ကာ တစ်သိန်း ကျပ်စီဆုချီးမြင့်မည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ 

 

 

အလင်္ကာကျော်စွာ ကာတွန်းဦးဘဂျမ်း ပြည်သူ့ဆန္ဒ ခေါင်းစဥ် ကာတွန်း ပြိုင်ပွဲတွင် ဆုရကာတွန်းများအနေဖြင့် ပထမဆုကို ကာတွန်း ကိုမိုးသွင်၊ ဒုတိယဆုကို ကာတွန်း  အီကွေတာ နှင့် တတိယဆုကို ကာတွန်း စိုးစံ၀င်း တို့က ယခုနှစ်တွင် ရရှိခဲ့ကြသည်။ ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု နှစ်သိန်း နှင့်တတိယဆု ကျပ်တစ်သိန်း အထူးဆုသုံးဆုကို တစ်ဆုလျှင် ငါးသောင်းကျပ် အသီးသီးချီးမြင့်ခဲ့ရာ ယခုနှစ်တွင် ငါးကြိမ်မြောက်ဆုချီးမြင့်ပေးခြင်း ဖြစ်ပြီးကြောင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ် မေသူကပြောသည်။  

 

 

 ၂၀၁၉ခုနှစ် ကာတွန်းပြပွဲမှ ကာတွန်းဆရာ ၁၇၀ ၏ လက်ရာကာတွန်းပေါင်း ၄၃၀ ကျော်ထဲမှ ကာတွန်းဆရာကြီးများက ရွေးချယ်ထားသည့် ကာတွန်းတစ်ရာကျော်ကို အမှတ်တရကာတွန်း စာအုပ်ထုတ်ဝေကာ ကျပ်တစ်ထောင်ဖြင့် ရောင်းချပေးပြီး ကာတွန်းဆရာကြီးများက ယင်းစာအုပ်၀ယ်ယူသူများအား ပုံတူကာရီကာချာ များကို အခမဲ့ရေးဆွဲပေးလျက်ရှိသည်။ ယခုကဲ့သို့ အမှတ်တ ရစာအုပ်ထုတ်ဝေရောင်းသည်မှာ သုံးနှစ်ရှိခဲ့ပြီး ပုံတူရေးဆွဲခြင်းကို ကလေးများ ပိုစိတ်ဝင်စားလျက်ရှိသည်။ 

 

 

 အလင်္ကာကျော်စွာ ကာတွန်း ဦးဘဂျမ်းသည် လမ်းမတော်မြို့နယ် ၁၃ လမ်း အောက် လမ်းရှိ အိမ်အမှတ် ၃၇ တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

 

 

သန့်ဇင်၀င်း