(၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဘားအံ  ၅  ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြိုတွင် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မေလ ၄ ရက်နေ့ နံနက်(၁၀)နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 

စုပေါင်း သွေးလှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက “ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့နေ့ကို ရောက်တိုင်း ပြည်သူလူထုတွေရဲ့ မီးဘေးအန္တရာယ် သဘာဝ ဘေးအန္တရာယ်တွေကို စွမ်းရည်သရုပ်ပြသခြင်းနဲ့ အရန်သန္ဓေတွေကလည်း ဂုဏ်ပြုစစ်ရေးပြခြင်းတွေ ဆောင်ရွက်တဲ့နေ့အခါသမယဖြစ်ပါတယ်၊  ဒီနှစ်မှာတော့ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်တော်တို့ တပ်ဖွဲ့နေ့ကို ယခင်နှစ်တွေကလိုမကျင်းပ နိုင်သော်လည်း  ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ဆေးရုံကြီးတွေမှာ တပ်ဖွဲ့ဝင်တွေရဲ့ သွေးကို လှူဒါန်းပေးရခြင်းဖြစ်ပါတယ်၊ ပုံမှန်လည်း လှူနေပါတယ်၊ ဒီကနေ့မှာ တော့ အထူးအနေနဲ့ မိမိတို့ဆန္ဒအလျောက် စာရင်းပြုစုပြီး ကျန်းမာရေးက ဆေးစစ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို စုပေါင်းပြီး သွေးလှူဒါန်းပေးသွားမှာဖြစ်ပါတယ် ” ဟု ပြောသည်။

 

14

 

သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်၊ ရေသန့်၊ ငွေသား ငါးထောင်ကျပ်နှင့် အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးခဲ့ပြီး အေသွေး ၉ လုံး၊ ဘီသွေး ၁၂ လုံး၊ အိုသွေး ၁၁ လုံး၊ အေဘီသွေး ၁ လုံး စုစုပေါင်း သွေးပုလင်း ၃၃ လုံးကို လှူဒါန်းပေးခဲ့ကာ ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ မီးသတ် တပ်ဖွဲ့ဝင်များသည်လည်း သက်ဆိုင်ရာ ဆေးရုံ အသီးသီးတွင် သွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြု စုပေါင်းသွေးလှူဒါန်းမှုနှင့် ပတ်သက်ပြီး ရောဂါဗေဒဌာန၊ သွေးလှူဘဏ် တာဝန်ခံ ဆရာဝန် ဒေါက်တာဘုန်းမိုးဝင်းက ဒီလိုလာရောက်လှူဒါန်းပေးခြင်းအားဖြင့် ကျွန်တော်တို့ ဘားအံပြည်သူ့ ဆေးရုံကြီးရဲ့ သွေးလိုအပ်မှုပမာဏကို တတ်နိုင် သလောက် လျော့ချပေးသွားရာ ရောက်တာပေါ့၊ ရက်သတ္တပတ် တစ်ပတ်ကို သွေးလှူရှင် တစ်ရာကနေ နှစ်ရာလောက်ထိ လိုအပ်နေတဲ့ အခါကျတော့ စေတနာသွေးလှူရှင်တွေ များများရှိရှိဖို့ လိုအပ်ပါတယ်၊  စေတနာသွေးလှူရှင်ကသာ ပုံမှန်သွေးကို လာလှူနေမယ်ဆိုရင် လူနာတွေအနေနဲ့ သွေးရှာရတဲ့ဒုက္ခတွေ ကနေ ကင်းဝေးသွားမယ်၊ သွေးလှူဘဏ်မှာ ရှိတဲ့သွေးကိုလည်း အဆင်သင့်ပေးနိုင်တဲ့အခါကျတော့ လူနာတွေဘက်ကလည်း အဆင်ပြေသွားမှာဖြစ်ပါတယ် ” ဟုပြောသည်။

 

7180

 

ပြည်နယ်ပြည်သူ့ ဆေးရုံကြီးဘားအံသည် တစ်လလျှင်ပျှမ်းမျှ သွေးအလှူရှင် ၅၀ဝ မှ ၈၀ဝ ထိ လိုအပ်လျက်ရှိပြီး ကမ္ဘာနှင့်အဝှမ်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံဖြစ်ပွားနေစဉ်ကာလအတွင်း သွေးလှူရှင် အရေအတွက် သိသိသာသာလျော့ ကျသွားသော်လည်း သွေးသွင်းကုသမှု လိုအပ်သည့် လူနာများမှာ ဆေးရုံဆက်လက်တက်ရောက်နေကြဆဲဖြစ်သည့်အတွက် သွေးလိုအပ်မှုပေါ်မူတည်၍ သွေးလှူရှင်ရှာဖွေရသည့် အခက်အခဲအချို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)