ပဲခူး

 

(၇၃)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ချီတက်အလေးပြုခြင်းကို ယနေ့နံနက် ၈ နာရီက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်း နှင့်ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဂါရဝပြ၍ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲ၍ ၂ မိနစ် ငြိမ်သက်ခြင်းကို ပြုလုပ်ဆောင်ရွက်ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

အောင်မြတ်လင်း (တိုင်းဒေသကြီး၊ပြန်/ဆက်)

 

ရွှေကျင်

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့်(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော အာဇာနည်နေ့ အမှတ်တရစာအုပ်များကို ဇူလိုင် ၁၉ ရက်နံနက်၉ နာရီက လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရစာအုပ်ထဲတွင် အာဇာနည် (၉) ဦးအကြောင်း၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည် ခေါင်းကြီးများ ကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု မိန့်ခွန်းများ၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများ ပါဝင်သော အာဇာနည်နေ့ အမှတ်တရစာအုပ်များကို ဈေး၊ ကားဂိတ်၊ရွှေကျင်ချောင်းကူးတံတား၊ လူမှုရေးအသင်းအဖွဲ့ များ၊ နိုင်ငံရေးပါတီများနှင့် လူစည်ကားရာနေရာများတွင် ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)

 

 

ကျောက်တံခါး

 

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရစာအုပ်များကို အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ နိုင်ငံရေးပါတီများ၊ စာသင်ကျောင်းများနှင့်ပြည်သူများအား ယမန်နေ့က ဖြန့်ဝေပေးခဲ့သည်။

 

(၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရစာအုပ်တွင် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်၊ စနေနေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် မှတ်တမ်းများ၊ အာဇာနည်(၉)ဦး၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများ၊ ၁၃ ဇူလိုင် ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ တိုင်းပြု ပြည်ပြုလွှတ်တော်အစည်းအဝေး၌ နောက်ဆုံးပြောကြားသော ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသားသည့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင်သည့် သခင်နုမိန့်ခွန်း စသည့်အကြောင်းအရာများ ပါရှိသည်။

 

ကျောက်တံခါးမြို့နယ်အတွက် (၇၃)နှစ်မြောက်၊ အာဇာနည်နေ့အမှတ်တရစာအုပ်(၁၁၂)အုပ်ရရှိပြီး အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

စန်းစန်း(ပြန်/ဆက်)

 

ဖာပွန်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယနေ့ကျရောက်သည့်(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၅)နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယွန်းစလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေ့ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း၊ ဖာပွန်မြို့၊ မြို့မရွှေကျောင်း ဆရာတော် ဘဒ္ဓန္တဝိဇယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီးဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်နှင့် ပရိတ်တရားတော်များရွတ်ဖတ် ပူဇော်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက်ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ နှင့် အာဇာနည်နေ့ အမှတ်တရ စာအုပ်အား ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့မရွှေကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချအမျှဝေခဲ့ကြောင်း၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီး အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည့် ခန်းမအတွင်း အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးအကြောင်း သိကောင်းစရာများကို နံရံကပ်စာစောင်ပြုလုပ်ပြသထားကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အာဇာနည်နေ့အမှတ်တရ စာအုပ်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)

 

ကသာ  

 

 ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကသာခရိုင်ရုံးအနေဖြင့်  ယမန်နေ့က မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ရုံးများ၊ နိုင်ငံရေးပါတီများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဈေးများတွင် ပြည်သူများ၏လက်ဝယ်အရောက် လိုက်လံ ဖြန့်ဝေခဲ့သည်။

 

အဆိုပါ အမှတ်တရစာအုပ်တွင် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများ၊ ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး၌ နောက်ဆုံးပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန် လေးချိုးကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့အမှတ်တရစကား၊ အိန္ဒိယနိုင်ငံလွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဓန္ဒီ၏ ဆုတောင်းစကား၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်း၊ ဆရာဇော်ဂျီ “ပြောလိုက်ပါဘိ ဟောပါဘိ ကဗျာ၊ ဆရာတင်မိုး၏ “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့ ကဗျာ၊ ဆရာဒဂုန်တာရာ၏ “ဘဝပုံသဏ္ဌာန်နှင့် ပထမအရွယ် ဆောင်းပါး၊ ဆရာမင်းသုဝဏ်၏ “ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့်ပစ္စုပ္ပန်)”ကဗျာ စသည့် ပြည်သူများ သိမှတ်ဖွယ်ရာ၊ မှတ်သားဖွယ်ရာအကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

 

အလားတူ ကသာခရိုင်အတွင်းရှိ အခြားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလည်း မိမိတို့မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ရုံးများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စာသင်ကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဈေးများတွင် အဆိုပါ (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရစာအုပ်များကို ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

ဂန့်ဂေါ

 

 (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီအချိန်က  ဂန့်ဂေါမြို့ ကံ့ကော်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လအမှူးပြုသည့် သံဃာတော်များ(၅)ပါး ကြွရောက်တော်မူကြ၍ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကာ ဆရာတော်အရှင်သူမြတ်များ ထံမှ ကိုးပါးသီလကို ခံယူဆောက်တည်ကြ၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)