(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ကျောင်းသား အားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် လိုက်လံကြည့်ရှုအားပေး

နေပြည်တော်  ၃၀  ဒီဇင်ဘာ

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ် အားကစား ကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် ပိုက်ကျော်ခြင်း လေ့ကျင့်ရေးရုံ TC-1 တွင် ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြပုံများကို လည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် သမ္မတရုံးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

+၆

ထို့အပြင် ကျောင်းသားများ ကိုယ်ကာယကြံ့ခိုင်ပြီး ဉာဏ်ပညာမြင့်မားစေရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၄ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ (၂၀၁၉-၂၀၂၀) အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲများကို  နေပြည်တော်ရှိ သတ်မှတ်အားကစားကွင်း/ အားကစားရုံများတွင် ကျင်းပလျက်ရှိပြီး ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် ဘော်လီဘောပြိုင်ပွဲများကို ကျင်းပရာ ချင်းပြည်နယ် အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်