(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ပွဲတော် အတူဆင်နွှဲပျော်

တေးဂီတသံစဉ်များနှင့်အတူ စည်းဝါးလိုက်ဖက်ညီစွာ အလှည့်ကျ ကပြဖျော်ဖြေနေသော၊ ချစ်စရာကောင်းသော မွန်တိုင်းရင်းသား တိုင်းရင်းသူတို့၏ အကအလှများက လာရောက်ကြည့်ရှုနေသူများကို စီးမျောနေအောင် ဖမ်းစားနိုင်ခဲ့ရုံသာမက မွန်စာပေနှင့် ယဉ်ကျေးမှု အနုသုခုမ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းသွားရန်နှင့် မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးသွားရန် ရည်ရွယ်ကျင်းပသည့် ပွဲတော်ဖြစ်သည့်အတွက် မွန်လူမျိုးတို့၏ တေးဂီတ တူရိယာပစ္စည်းများ ပြသသည့်အပြင် ရိုးရာအဝတ်အထည်များ၊ အသုံးအဆောင်များ၊ စားသောက်ဖွယ်ရာများကိုလည်း လာမည့်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် စိတ်ဝင်စားစွာတွေ့မြင်နိုင်မည်ဖြစ်သည်။

 

အဆိုပါပွဲတော်သည် မွန်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးနှင့် ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်နိုးကြားစေပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်မှုရှိစေရန်၊ မွန်စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ဖော်ထုတ်မြှင့်တင်လိုစိတ် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ပြီး တပို့တွဲလပြည့်ကျော် ၁ ရက်တွင် မွန်လူမျိုးများနေထိုင်ရာဒေသဖြစ်သော မွန်ပြည်နယ်နှင့် ဒေသအသီးသီးတွင်သာမက နိုင်ငံရပ်ခြားများတွင်လည်း မွန် တိုင်းရင်းသားလူမျိုးတို့၏ (၇၁) ကြိမ်မြောက် ကျင်းပသော အခမ်းအနားပင်ဖြစ်သည်။

 

 

အမျိုးသားရေးစိတ်ဓာတ် နိုးကြားသော မွန်လူမျိုးများစုစည်းကာ ၁၉၄၆ ခုနှစ်က လူထုအစည်းအဝေးတစ်ရပ် ကျင်းပပြီး အဆိုပါ အစည်းဝေးမှ ပထမ ဟံသာဝတီ မြို့ပြ နိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည့် အထိမ်းအမှတ်အဖြစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ မွန်လူမျိုးရှိရာ ဒေသတိုင်းတွင် မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။

 

မွန်တိုင်းရင်းသားတို့သည် ဘီစီ ၂ဝဝဝ၊ လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော်ကတည်းက မြန်မာနိုင်ငံအတွင်း ရောက်ရှိလာပြီး မြန်မာနိုင်ငံအနှံ့အပြား စတင်နေထိုင်ခဲ့ကာ ဘာသာသာသနာအစတွင်လည်း မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ရန် မွန်ညီနောင်နှစ်ဦးဖြစ်သော တဖုဿနှင့် ဘလ္လိက ညီနောင်နှစ်ပါးက မြတ်စွာဘုရား၏ ဆံတော်ရှင်ရှစ်ဆူကို သယ်ဆောင်လာခဲ့ကြောင်း၊ စာပေယဉ်ကျေးမှုအစ မွန်ဘာသာက ဆိုသည့်အတိုင်း မွန်ပညာရှိများက အေဒီ (၅) ရာစုခန့်က အိန္ဒိယတောင်ပိုင်းမှ ပလ္လဝအက္ခရာကို အခြေခံပြီး ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အက္ခရာများကို တီထွင်အသုံးပြုခဲ့ကြခြင်းကို ကြည့်ခြင်းအားဖြင့် မွန်လူမျိုးတို့၏ စာပေအဆင့်အတန်းကို တွေ့မြင်နိုင်သည်ဟု မွန်ရာဇဝင်မှတ်တမ်းများမှ သိရသည်။

 

(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်လူမျိုးတို့ သိမ်မွေ့ယဉ်ကျေးစွာ ခေတ်အဆက်ဆက် ဝတ်ဆင်လာသည့် ရိုးရာဝတ်စုံများကို စင်မြင့်ထက်တွင် ဝတ်ဆင်ပြသခဲ့သည့်အပြင် မွန်တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ရှေးခေတ်နှစ်ပါးသွား အကအလှများ၊ ဟင်္သာမောင်နှံအကအလှများ၊ ယိမ်းအကများ၊ ဖျော်ဖြေမှုများကလည်း ကြည့်ရှုသူများအတွက် အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

 

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် မွန်ပြည်နယ်နှင့် အခြားဒေသအသီးသီးရှိ မွန်အမျိုးသားနေ့ကျင်းပရာ အခမ်းအနားသို့ မွန်တိုင်းရင်းသား တိုင်းရင်းသူများ ရိုးရာ ယဉ်ကျေးမှုဝတ်စုံများဝတ်ဆင်ပြီး ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့်အပြင် အခြားတိုင်းရင်းသားများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်ကို ကြည့်ရှုခြင်းအားဖြင့် တိုင်းရင်းသားများ အတူတကွ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ခုအသွင် မြင်တွေ့ရပါသည်။

 

ကိုဟိန်း(ပေါင်)