(၇၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပပြုလုပ် နိုင်ငံတော်အစိုးရနှင့်အတူ ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်သည့် နေရာတွင် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်

နေပြည်တော် ၂၇  မတ်

 

၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်းကြီး၌ တပ်မတော်နေ့ဦးတည်ချက် လေးရပ်နှင့်အညီ အနှစ်သာရရှိစွာ ကျင်းပသည်။

 

၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက်တပ်မတော်နေ့  စစ်ရေးပြအခမ်းအနား၌  ပါဝင် ချီတက်ကြမည့် ယန္တယားတပ်ဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည်  စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ နံနက် ၅ နာရီတွင် စတင်၍ ရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

စစ်ရေးပြစစ်ကြောင်းကြီးများ နေပြည်တော် စစ်ရေးပြကွင်းကြီးဆီသို့ မရောက် ရှိမီ ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းကြီးအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူသည်။

 

ထို့နောက် (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ယန္တယား တပ်ဖွဲ့များကိုယ်စားပြု အောင်ဆန်းစစ်ကြောင်းသည် စစ်ကြောင်းမှူး ဗိုလ်မှူးကြီးမျိုးသန့် ဦးဆောင်၍ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယာဉ်များ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယာဉ်များ၊  လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြုယာဉ်များ၊ ယာဉ် တင်ယာဉ် စစ်ရေးပြတပ်ခွဲ(၁)၊ ယာဉ်တင်ယာဉ် စစ်ရေးပြတပ်ခွဲ(၂)နှင့် ယာဉ်တင် ယာဉ် စစ်ရေးပြတပ်ခွဲ(၃)တို့သည် စုရပ်စစ်ရေးပြကွင်းမှ နေပြည်တော် စစ်ရေးပြကွင်းကြီးဆီသို့ စတင်ချီတက်ကြသည်။

 

ဆက်လက်၍ စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အလံ များ ပါဝင်သော အလံတော်အဖွဲ့၊ ၎င်းနောက်မှ  စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ဇေယျ  ဦးဆောင်သော အနော်ရထာစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး အေးမင်းထွေး ဦးဆောင်သော ကျန်စစ်သားစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး အောင်ခိုင်ဝင်း ဦးဆောင်သော ဘုရင့်နောင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးရန်ပိုင် ဦးဆောင်သော အောင်ဇေယျစစ်ကြောင်းနှင့် စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စောကြည်နိုင် ဦးဆောင်သော ဆင်ဖြူရှင်စစ်ကြောင်းတို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့် အတူ နေပြည်တော် စစ်ရေးပြကွင်းကြီးဆီသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

 

စစ်ရေးပြစစ်ကြောင်းကြီးများ စုရပ်စစ်ရေးပြကွင်းမှ တပ်မတော်နေ့အခမ်း အနား ကျင်းပသည့် စစ်ရေးပြကွင်းကြီးဆီသို့ ချီတက်စဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊  တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်မိသားစုများ၊ ဒေသခံမိဘ ပြည်သူများက စစ်ကြောင်းကြီးများ ချီတက်ရာလမ်းတစ်လျှောက်မှ ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

 

စစ်ရေးပြစစ်ကြောင်းကြီးများသည် သတ်မှတ်အစီအစဉ်အတိုင်း ချီတက်စဉ် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းသို့ ဝင်ရောက်နေရာယူကြသည်။

 

အဆိုပါ(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင် စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊  ဒုတိယဝန်ကြီးများ၊ စွမ်းရည်ဘွဲ့တံဆိပ်ရရှိသူများနှင့် အမွေခံများ၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေး သီချင်း၊ ကဗျာ၊ ဝတ္တုတိုပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်းကြီးသို့ရောက်ရှိရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် မော်တော်ယာဉ်ဖြင့် စစ်ရေးပြစစ်ကြောင်းကြီးများအား စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြု ကြရာ ဗဟိုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။ ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သစ္စာလေး ချက်ကို သံပြိုင်ညီညာရွတ်ဆိုကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် မိမိတို့တပ်မတော် နှင့် ပြည်သူ လူထုလက်တွဲပြီး ဖက်ဆစ်များကို အမိမြေမှ အပြီးအပိုင်တွန်းလှန် တိုက်ထုတ်ခဲ့သော (၇၁)နှစ်တိုင်ပြီဖြစ်သည့် တပ်မတော်နေ့အခါသမယဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်း စည်းလုံးညီညွတ်မှု ဆိုသည့်ခွန်အားကို အရင်းတည်ပြီး ဇာတိသွေးဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ကမ္ဘာသိအောင် ပြသခဲ့သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော် အတွက် ထူးခြားမွန်မြတ်သည့် ယခုလို နေ့ထူးနေ့မြတ်တွင် သိသင့်သိထိုက်သည် များကို အလေးအနက် မှာကြားသွားမည်ဖြစ်ကြောင်း။

 

 မြန်မာ့သမိုင်းကြောင်းနှင့် တပ်မတော်၏ သမိုင်းကြောင်းသည် အမြဲဒွန်တွဲ လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်ဖြစ် တည်လာမှုများတွင် နိုင်ငံတော်စတင်တည်ထောင်စဉ်က တစ်ပါတည်း ဖွဲ့စည်းတည် ထောင်ခဲ့သည့်တပ်မတော်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်နှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဖွဲ့စည်းတည်ထောင်သည့် တပ်မတော်ဟူ၍ သုံးမျိုးတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် လွတ်လပ် ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့်တပ်မတော်ဖြစ်သည့်အတွက် သန္ဓေ တည်မျိုးချစ် စိတ်ဓာတ်နှင့် စစ်သွေးစစ်မာန်များ နိုးကြားထက်သန်မှုရှိသည့် တပ်မတော်ဖြစ်ကြောင်း။

 

 မိမိတို့နိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားပြီး အနောက် နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်သည့် ခေတ်မီတပ်မတော် မရှိခဲ့သည့်အတွက် ၁၈၂၄ ခုနှစ်မှ စတင်ပြီး နယ်ချဲ့တို့၏ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရကြောင်း၊ မိမိတို့နိုင်ငံကို အတုအယောင်လွတ်လပ်ရေးပေးပြီး ကျွန်ပြုဖိနှိပ်ခဲ့သည့် ဖက်ဆစ်တို့ကို ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက် ယခုလိုနေ့မျိုးတွင် တပ်မတော်နှင့် ပြည်သူလူထုပူးပေါင်း၍ တစ်ခဲနက် အုံကြွတော်လှန်ခဲ့ရာမှ တော်လှန်ရေးနေ့ကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ် ကြောင်း၊ နိုင်ငံတကာတပ်မတော်များနည်းတူ (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးနှင့်သက်ဆိုင်သည့် တပ်မတော်နေ့သတ်မှတ်ရန် လိုအပ်လာသည့် အတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အထူးခြားဆုံးနှင့် အမွန်မြတ်ဆုံး ဖြစ်သည့် တော်လှန်ရေးနေ့ကို အထူးဝိသေသပြုသည့်အနေဖြင့် ၁၉၅၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်  ကျင်းပခဲ့သည့် စစ်ရေးပြ အခမ်းအနားမှစတင်၍ တပ်မတော် နေ့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီး သုံးလမတိုင်မီ အာဏာရ ဖဆပလအစိုးရနှင့် ကွန်မြူနစ်ပါတီတို့ မသင့်မမြတ်ဖြစ်ရာမှ ကွန်မြူနစ်များတောခိုပြီး ပြည်တွင်းဆူပူ သောင်းကျန်းမှုများ စတင်ခဲ့ပါကြောင်း။

 

လွတ်လပ်ရေးရပြီး ၁၀ နှစ်အတွင်း ထူးခြားမှုအနေဖြင့် ပြည်တွင်းသောင်းကျန်း မှုများအပြင် နယ်စပ်ဒေသမှ တရုတ်ဖြူကူမင်တန်တို့၏ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရပြီး အောင်မြင်စွာတွန်းလှန်ဖယ်ရှားနိုင်ခဲ့ပါကြောင်း၊ ထိုသို့ ပြည်တွင်း သောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုများကို အခက်အခဲအကြပ်အတည်း မျိုးစုံကြားမှ တစ်ချိန်တည်းတစ်ပြိုင်တည်း တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် မိမိတို့တပ်မတော်၏ စွမ်းဆောင်ချက်သည် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။

 

၁၉၅၀ ပြည့်လွန်နှစ်များသည် မုန်တိုင်းထန်သည့်ကာလများဖြစ်ခဲ့ပြီး အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် ပြည်ပကျူးကျော်မှုအန္တရာယ် ကာကွယ်ရေး တို့အတွက် တပ်မတော်မှသာ ပင်မမဏ္ဍိုင်ဖြစ်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများသည် အမျိုးသားရေးကို မျက်ကွယ်ပြုခဲ့ပြီး ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ မာန်မာနအစွဲ များကိုသာ ရှေ့တန်းတင်ခဲ့ ကြသည်ကို တွေ့ရပါကြောင်း၊

 

၁၉၈၀ပြည့်နှစ်လွန်ကာလများအထိ နိုင်ငံရေးအင်အားစုများသည် မည်သို့မျှ စည်းလုံးညီညွတ်မှုမရှိဘဲ အုပ်စုဖွဲ့မှုများ၊ လက်နက်ကိုင်လမ်းစဉ်ကို ဦးတည်မှုများ၊ အာဏာရပါတီတွင်း သဘောထားကွဲပြားမှုများနှင့် စီမံခန့်ခွဲရေး လွဲချော်မှုများကြောင့် အုပ်ချုပ်ရေး ပြဿနာကြီးထွားလာမှုနှင့်အတူ စီးပွားရေးကျဆင်းမှုများနှင့် တိုင်းရင်း သား လက်နက်ကိုင် ပြဿနာများကို အပြည့်အဝ ဖြေရှင်းနိုင်ခြင်းမရှိခဲ့သည့်အတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှု နောက်ကျခဲ့ရပါကြောင်း၊

 

၁၉၈၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်ကာလများတွင် မိမိတို့နိုင်ငံနည်းတူ ဥရောပနှင့် အာဖရိကနိုင်ငံအချို့၌ တစ်ပါတီစနစ်၊ ဆိုရှယ်လစ်စနစ်နှင့် ကွန်မြူနစ်စနစ်များမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများရှိခဲ့ပါ ကြောင်း၊ အများစုမှာ ပြည်တွင်းစစ်ဖြစ်ပွားခြင်း၊ လူမျိုးရေးမုန်းတီးမှုများ ဖြစ်ပွားခြင်း၊ နိုင်ငံပြိုကွဲကာ နိုင်ငံငယ်အများအပြား ပေါ်ပေါက်လာခဲ့ခြင်း၊ စီးပွားရေးဆုတ်ယုတ် ကျဆင်းခြင်းများနှင့်  ကြုံတွေ့ခဲ့ကြရကြောင်း၊

 

မိမိတို့နိုင်ငံတွင်လည်း တပ်မတော်အစိုးရတာဝန်ယူခဲ့သည့် ၁၉၈၈ခုနှစ်မှစ၍ ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့်အကောင် အထည်ဖော်ရာတွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် ချမှတ်၍ စနစ်တကျ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊

 

မိမိတို့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာတွင် အဓိကနှောက်ယှက်ဟန့်တားမှု နှစ်ခုမှာ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေကို လေးစားလိုက်နာမှု အားနည်း ခြင်းနှင့် လက်နက်ကိုင်သောင်းကျန်းမှုများ ရှိနေခြင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် ပရမ်းပတာဒီမိုကရေစီကို ဦးတည်သွားစေနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါအချက် နှစ်ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်စွာ ဖော်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွား မည်ဟု အလေးအနက် ပြောကြားလိုကြောင်း၊

 

မိမိတို့တပ်မတော်အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ဒီမိုကရေစီစနစ် ရှင်သန်သည့်လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်သည့်နေရာတွင် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊

 

ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေလိုပါက ထိုက်တန်သည့်စည်းကမ်းရှိမှုနှင့် ဥပဒေလေးစားလိုက်နာမှု ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်စေလိုလျှင် စည်းလုံးညီညွတ်စွာဖြင့် ကာယ၊ဉာဏစွမ်းအားရှိသမျှ အလုပ်လုပ်ကြရမည်ဖြစ်ပြီး တိုင်းပြည်အပေါ် သစ္စာရှိကြရမည်ဖြစ်ကြောင်း။

 

တပ်မတော်၏ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ရန် အတွက် သာဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားပြည်သူလူထုအရေးနှင့် နိုင်ငံအရေးပင် ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေးမဟုတ်ကြောင်းနှင့် ပြည်သူအများစု၏ဆန္ဒမှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ကောင်းမွန်စွာလုပ်ကိုင်စားသောက်ရေးနှင့် ၎င်းတို့ဘဝ တိုးတက်ရေးဟူ သည့် ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးပင်ဖြစ်ကြောင်း၊

 

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို လုံခြုံအောင်ကာကွယ်ရမည်၊ ပြည်သူကို စောင့်ရှောက်ရမည်၊ နိုင်ငံတော်အစိုးရ၏ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးရေး ဆောင်ရွက် မှုများကို ကူညီရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံမူများချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တည်ငြိမ်ရန် ပြည်သူ၏ဆန္ဒအတိုင်း တိုင်းပြည်ကို လက်ရှိအခြေအနေ အခြေခံကောင်းများရရှိရန် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည့်အတွက် ယခုကဲ့သို့ အခြေအနေမျိုးမှ ယိမ်းယိုင်သွားစေမည့် ကိစ္စရပ်များ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုများကို ထိပါးစေမည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုပြိုကွဲမှုကို ဦးတည်လာမည့်အခြေအနေများကို တပ်မတော် အနေဖြင့် ရောက်ရှိခံမည် မဟုတ်ကြောင်း။

 

အခြေခံဥပဒေအရ အပ်နှင်းထားသည့် တပ်မတော်၏အမျိုးသားနိုင်ငံရေး တာဝန်များကို လေ့လာကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ရန်အတွက်သာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန် အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အလျောက် စစ်မှန် သည့်ထာဝရ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ရန် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ (၆) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။

 

ထာဝရငြိမ်းချမ်းရေး  ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူ လိုသည့် ဆန္ဒရှိရန်လိုအပ်ပြီး စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်နှင့် ပါတီစုံဒီမို ကရေစီလမ်းကြောင်းကို ငြိမ်းချမ်းသောနိုင်ငံရေးလမ်းကြောင်းဖြင့် လျှောက်လှမ်း သွားလိုသည့် စိတ်ဓာတ်ရှိလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင်းတနေသည့် ထာဝရငြိမ်းချမ်းရေးကို မလွဲမသွေရရှိမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးသည် အေးချမ်း တည်ငြိမ်မှုကို လိုလားသော်လည်း ပြောင်းလဲတိုးတက်နေသည့် ခေတ်ကာလတွင် နယ်ပယ်အသီးသီး၏ စိန်ခေါ်မှုများသည် စဉ်ဆက်မပြတ်ရှိနေမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော် တို့ ခိုင်မြဲစွာ လက်တွဲထားရန် လိုအပ်မည်ဖြစ်ကြောင်း၊

 

မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ၏ စစ်ရေးစွမ်းရည် တိုးမြှင့်တည် ဆောက်မှု၊ လူဦးရေပေါက်ကွဲမှု၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် ဖြေရှင်းရန် ကျန်နေသေးသည့် နယ်နိမိတ်ပြဿနာများသည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကအချက်များဖြစ်ကြောင်း၊

 

မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ လူဦးရေများပြားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအကြားတွင် မဟာဗျူဟာကျသည့်တည်နေရာကို လည်း ပိုင်ဆိုင်ထားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ရရှိလာနိုင်မည့် အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချသွားရမည်ဖြစ်သကဲ့သို့ ဖြစ်ပေါ်လာနိုင်သော သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများကိုလည်း တိုင်းရင်းသားအားလုံးအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် အတူတကွ ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း၊

 

ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ အချိန်ယူပြီး ခိုင်မာ အောင် လေ့ကျင့်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းအား မြင့်မားရန် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားထက်မြက်ရန်၊ ခေတ်မီစစ်လက်နက်ပစ္စည်းများ  တပ်ဆင်ခြင်း၊ ဖွဲ့စည်းခြင်းနှင့် စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းများ မရှိမဖြစ်လိုအပ်မည် ဖြစ်ကြောင်း။

 

နိုင်ငံတော်လုံခြုံရေးကို ကိုယ်စားပြုသည့်တပ်မတော်ကို ခေတ်မီတပ်မတော် အဖြစ် တည်ဆောက်ရာတွင် အမျိုးသားအကျိုးစီးပွားအမြင်၊ နိုင်ငံရေးအမြင်၊ အမျိုးသားရေးအသိနှင့် ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊

 

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် မိမိတို့တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အတွက် အခြားသောအဖွဲ့အစည်းများထက် ပိုမို ကျစ်လစ်ခိုင်မာ၍ စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးခိုင်မာမှသာ တပ်ပြင်စည်းရုံးရေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို ထိရောက်စွာဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ ယန္တရားတပ်ဖွဲ့များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

 

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ ကြိုးကြာအုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ် ၄ စီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အလံများကို အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက် ပျံသန်းကြပြီး  တပ်မတော်(ရေ)မှ ရေတပ်စစ်ဆင်ရေးအထူးတပ်ဖွဲ့ ( Navy SEALS) မှ အရာရှိ၊ စစ်သည်များက  ရဟတ်ယာဉ် ၄ စီးပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့ အသီးသီး ဆင်းသက်ကြသည်။

 

ထို့နောက် တပ်မတော်(လေ)မှ စွန်ရဲအုပ်ဖွဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး နှင့် အပေါ့စားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၃ စီးတို့က  Vic ပုံစံဖြင့်လည်း ကောင်း၊ အာကာအုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေးလေယာဉ် ၃ စီးက Vic ပုံစံဖြင့် လည်းကောင်း၊ ရန်နိုင်အုပ်ဖွဲ့ အမောင်းသင်လေယာဉ် ၅ စီးက Arrow Head ပုံစံဖြင့် လည်းကောင်း၊ ယင်းနောက် အုပ်ဖွဲ့ခွဲလေယာဉ်မှ အလေးပြုခံစင်မြင့်၏ ရှေ့တူရှု အရပ်မျက်နှာမှ တစ်ပြိုင်တည်း ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ ရုတ်တရက် ခွဲထွက်၍လည်းကောင်း၊ ရန်အောင်အုပ်ဖွဲ့ ပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးတို့က Vic ပုံစံဖြင့် လည်းကောင်း၊ ရန်ရှင်းအုပ်ဖွဲ့ အကြီးစားသယ်ယူ ဆောင်ရေးလေယာဉ် ၁ စီးနှင့် တိုက်ခိုက်ရေး ဂျက်လေယာဉ် ၄ စီးတို့က ရောင်စုံမီးခိုးများထုတ်လွှင့်လျက် Arrow Head ပုံစံဖြင့် လည်းကောင်း၊ သီဟအုပ်ဖွဲ့ ဗုံးကြဲဂျက်လေယာဉ် ၅ စီးက Arrow Head ပုံစံဖြင့် လည်းကောင်း၊ သူရိန်အုပ်ဖွဲ့ ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ် ၅ စီးက Arrow Head ပုံစံဖြင့် ပျံသန်းပြီး အတွင်းဘက် ၃ စီးက တစ်ပြိုက်နက် ဘေးလှိမ့် ကျွမ်းထိုးပျံသန်း၍လည်းကောင်း၊ ရာဇာအုပ်ဖွဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ် ၅ စီးက Arrow Head ပုံစံဖြင့် ကွေ့ပတ်ပျံသန်းပြီး ရှေ့တူရှုအရပ်မျက်မျက်နှာမှ ယပ်တောင် သဏ္ဍန်ခွဲထွက်ကာ မီးကျည်များ ပစ်လွှတ်၍လည်းကောင်း အသီးသီးသရုပ်ပြ ပျံသန်းကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်သည် စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာပြီး ၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို  နံနက် ၈ နာရီ ၁၅ မိနစ် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

(မြဝတီ)

 

mdn

 

mdn

 

mdn

 

mdn

 

mdn