(၇ ) ကြိမ်မြောက် Adventure Bagan Temple Marathon ပြိုင်ပွဲကျင်းပ

ရန်ကုန် ၂၄  နိုဝင်ဘာ

 

အားကစားအခြေပြုခရီးသွား Sport Tourism မြင့်တင်ရေး အစီအစဉ် အဖြစ် နိုဝင်ဘာ၂၃ ရက်တွင် (၇) ကြိမ်မြောက် Adventure Bagan Temple Marathon ပြိုင်ပွဲကို ပုဂံရှေးဟောင်းနယ်မြေရှိ ထီးလိုမင်းလိုဘုရား အရှေ့ဘက်မုခ်အနီး၌  ကျင်းပသည်။

 

Adventure Bagan Temple Marathon ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးမြတ်သူ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးသည်။

 

Bagan Temple marathon ပြိုင်ပွဲကို ဒိန်းမတ်နိုင်ငံ အခြေစိုက် Albatros Travel နှင့် Myanmar Voyages Tourism Company တို့ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်မှစ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌  နှစ်စဉ် နိုဝင်ဘာလတွင် ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင် စုစုပေါင်း ၂၀ဝ၀ ကျော် ပါဝင်ပြီး နှစ်စဉ် တိုးတက်ပါဝင်လာသည်။

 

ယခုနှစ်တွင် ပြည်တွင်းမှ ကစားသမား  ၂၉၃ ဉီးနှင့် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ အပြေးသမား  ၂၀၈ ဉီး  စုစုပေါင်း ၅၀ဝ ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။

 

10 km mini marathon (အမျိုးသား) ပထမဆု ကို ပုဂံမှ ကိုနိုင်လင်းထွန်း၊ ဒုတိယဆုကို ပုဂံမှ ကိုကြည်စိုးတို့က  ရရှိခဲ့ပြီး အမျိုးသမီး ပထမဆုကို မချယ်ရီခိုင် နှင့် ဒုတိယဆုကို နယ်သာလန်နိုင်ငံမှ Laura Zwaantje Jantina Nijburg တို့က ရရှိကြသည်။

 

Half marathon အမျိုးသားပထမဆုကို ကိုဌေးကိုကို၊ ဒုတိယဆုကို နောင်ဂျာနှင့် အမျိုးသမီး ပထမဆုကို  ဟောင်ကောင်  မှ Ms.Nicola Jane Wan Yer က လည်းကောင်း၊ Full marathon အမျိုးသား ပထမဆုကို ဂျာမနီနိုင်ငံမှ Mr.M.Heiner Bufe၊ ဒုတိယဆုကို အီတလီနိုင်ငံ မှ Mr.Ernesto Ciravegna၊  အမျိုးသမီး ပထမဆုကို အင်္ဂလန်နိုင်ငံ မှ Ms.Nivola Cooper က လည်းကောင်း  ရရှိကြသည်။

 

ပြိုင်ပွဲတွင် အသက်အငယ်ဆုံး အပြေးသမားအဖြစ် အသက် ၈ နှစ်အရွယ် မောင်မိုးသစ်လု က ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့ပြီး အသက်အကြီးဆုံးအဖြစ် အသက် ၇၆ နှစ် အရွယ်ရှိ ဦးစောမောင်မောင်ထွေးက တန်းပြည့် မာရသွန်တွင် (၇) ကြိမ်မြောက်အဖြစ် နှစ်စဉ် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။

 

(သက်လွင်တိုး)