(၆၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ၂၃ ဇန်နဝါရီ

(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual Online Conference စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆရာဝန်အသင်းသည် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဆေးပညာရှင်များ ကျင့်ဝတ်ဂုဏ်သိက္ခာများနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံဆေးပညာလောကကို အကျိုးပြုလျက် ရှိသည့် ဆရာဝန်ထုကြီး၏ အားထားရာ အဓိကအသင်းကြီးဖြစ်ပါကြောင်း၊ အသင်းတွင် ဆေးပညာဘာသာ ရပ်အဖွဲ့ (၄၆)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲများရှိကာ အင်အားတောင့်တင်း၍ လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း ဝန်ကြီးဌာနနှင့်ပူး ပေါင်းကာ COVID-19  Call Center ၊ ကိုဗစ်-၁၉ ဆေးကုသရေးဌာနများနှင့် အခြားကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း။

မိမိအနေဖြင့် နိုင်ငံတွင်းရှိဆရာဝန်တိုင်းအား မြန်မာနိုင်ငံဆရာဝန်အသင်းသို့ ဝင်ရောက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် အသင်း၏ လုပ်ငန်းများပိုမိုကောင်း မွန်တိုးတက်စေရေးအတွက် အကြံပြုချက်များရရှိစေရန် နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များထံမှ စစ်တမ်းပုံစံဖြင့် အကြံပြုချက်များ ကောက်ယူ စေ လိုပါကြောင်း၊ ထိုသို့ကောက်ယူရာတွင် ကိုဗစ်-၁၉ ကာလ၌ လျင်မြန်စွာ အဖြေများရရှိစေရန် မြန်မာနိုင်ငံဆရာဝန်အသင်း၏ အင်တာနက်စာမျက်နှာပေါ်မှတစ်ဆင့် အွန်လိုင်းစစ်တမ်းပုံစံဖြင့် ကောက်ယူ စေလိုပါကြောင်း၊  ပညာရှင်ကြီးများ၏ အကြံပြုချက်များ၊ စစ်တမ်းတွေ့ရှိချက်များအပေါ်မူတည်၍ အသင်း တွင်ရှိသော အရင်းအမြစ်အခြေအနေများနှင့် ကိုက်ညီချိန်ဆကာ လက်တွေ့ကျသောလမ်းပြ မြေပုံနှင့် လုပ်ငန်းစဉ်များချမှတ်ကာ ရေရှည်တွင် အသင်းကြီး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက် သွားစေလိုပါကြောင်း။

ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲပြုစုရာတွင် အသင်းကြီးရှိ ဆေးပညာဘာသာရပ်အဖွဲ့ (society) များ၏ အကြံဉာဏ်များကို ဆက်လက်ရ ယူရန်လိုအပ်သဖြင့် သက်ဆိုင်ရာအဖွဲ့များက ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပညာရပ်သည် အမြဲမပြတ် တိုးတက်မှု များရှိနေကာ တွေ့ရှိချက်အသစ်များနှင့် ကုထုံးအသစ်များ အမြဲတမ်းပေါ်ပေါက်လျက်ရှိသဖြင့် ဆေးပညာရှင် များအနေဖြင့် နောက်ဆုံးပေါ်ကုထုံးနှင့် တွေ့ရှိချက်များအား မျက်ခြေမပြတ်သိရှိလေ့လာနေရန် အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အင်တာနက်စာမျက်နှာ၌လည်း ထုတ်လွှင့်ထားရန် အရေးကြီး ပါကြောင်း။

အသင်းကြီးမှ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးအစီအစဉ်များဖြင့် မွမ်းမံသင်တန်းအမျိုးမျိုးကို ပြုလုပ်လျက်ရှိရာ ထိုသို့သော သင်တန်းတက်ရောက်သူ ဆရာဝန်များအား လေ့လာသင်ယူမှုအမှတ်/ အဆင့်(credit) များ သတ်မှတ်ပေးအပ်ရမည်ဖြစ်ပါကြောင်း၊ ဆရာဝန်များ "ဆေးကုသခွင့်လိုင်စင်" သက်တမ်းတိုးရာတွင် အဆိုပါ အမှတ်/အဆင့် (credit) များအား ထည့်သွင်းစဉ်းစားပြီးမှသာ သက်တမ်းတိုးပေးခြင်းဖြင့် ဆေးပညာရှင်များ၏ အရည်အသွေးသည် အမြဲတမ်းမြင့်မားနေမည် ဖြစ်ပါ ကြောင်း၊ ထိုသို့သော စနစ်မျိုး (၂၀၂၁) ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် (၂၀၂၂) ခုနှစ်၊ နှစ်ဦးပိုင်းခန့်တွင်စတင်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ ဆေးတက္ကသိုလ်များရှိ ပါမောက္ခ/ဌာနမှူးများနှင့် ဆက်လက်တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကုသမှုပညာနှင့် စွမ်းဆောင်ရည်တို့ကို အခြေပြုအကဲဖြတ်၍ သက်ဆိုင်ရာ ဆေးပညာဘာသာရပ်အလိုက် ပညာရှင်များပါဝင်ဖွဲ့စည်းထားသော ဘုတ်အဖွဲ့များမှ ဆေးပညာဘာသာရပ်အလိုက် အသိအမှတ်ပြု ဆရာဝန်များ အဖြစ်သတ်မှတ်နိုင်ရေးကိုလည်း မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ဆေးပညာဘာသာရပ် အဖွဲ့များမှ ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဝိုင်းဝန်းဆွေးနွေးပြီး ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပညာဘာသာရပ်အဖွဲ့များအနက် အထွေထွေရောဂါကုဆရာဝန်များအဖွဲ့သည် အဖွဲ့ဝင်အများဆုံး ဖြစ်ပြီး အထွေထွေရောဂါကုဆရာဝန်များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နေသဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ပန်းတိုင်များရရှိစေရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ အထွေထွေရောဂါကုဆရာဝန်များ၏ ရည်အသွေးပိုမိုမြင့်မားလာစေရေးကို ဤအသင်းကြီးမှ စဉ်းစားဆောင်ရွက်ပေးရန်လိုပါကြောင်း။

မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေး မှူးအသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်များအသင်း၊ မြန်မာနိုင်ငံဆေး ဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ အသင်း စသည့် ဆေးပညာနှီးနွှယ်အသင်းများနှင့် ပိုမိုပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပါက နိုင်ငံ၏  ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့်လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရှေ့အနာဂတ်ကို မျှော်တွေးကာ အသင်းကြီးအနေဖြင့် ခေတ်မီအင်တာနက်ကွန်ရက် အသုံးပြုသင်တန်းများ၊ ဒီဂျစ်တယ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရေး စဉ်းစားကြံဆကာ ဆောင်ရွက် စေလိုပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၏ ညီလာခံတွင် ဆွေးနွေးတင်ပြသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် စာတမ်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများအားလုံးနှင့် ဆွေးနွေးတင်ပြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းကြီးအနေဖြင့် ဆရာဝန်ကျင့်ဝတ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတကာအသင်းအဖွဲ့များနှင့် ဆက်သွယ်ပြီး ဆေးပညာအဆင့်အတန်းမြင့်မားရေးကိစ္စများ ဆောင်ရွက်နေသည်များကို ပိုမိုအရှိန်အဟုန် မြှင့်ကာ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုထက် အသင်းဝင်များ ပိုမိုများပြားကာ ဆရာဝန်ထု တစ်ရပ်လုံးက ပိုမိုအားကိုးရသော အသင်းကြီးတစ်ခုဖြစ်လာပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ဆက်လက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထင်အောင်စောက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက်  ညီလာခံတွင် နှီးနှောဆွေးနွေးဖလှယ်မှု အစီအစဉ်များ၊ စာတမ်းဖတ်ကြား ရှင်းလင်းမှု အစီအစဉ်များကို ဆက်လက်ပြုလုပ်သည်။

ညီလာခံကို Virtual Online Conference စနစ်ဖြင့် ဇန်နဝါရီ (၂၅) ရက်အထိ ပြုလုပ်သွားမည်ကြောင်း သိရသည်။

သတင်းစဉ်