(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လအတွင်း ကျင်းပမည်

နေပြည်တော် ၈  ဇန်နဝါရီ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ဦးစီး၍ ၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မတ်လ(၁၁)ရက်မှ (၂၀) ရက် အထိ (၁၀)ရက်ကြာကျင်းပမည့် အဆိုပါ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက် အချောထည်များနှင့် ကျောက်စိမ်းအတွဲများကို ခင်းကျင်း ပြသပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့် ရတနာကုန်သည်များ လာရောက်လေ့လာ ဝယ်ယူ ကြည့်ရှုနိုင်မည်ဖြစ်သည်။

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်မှ ၂၉ ရက်ထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ ပေါင်း (၅၂၅၉)တွဲကို ရောင်းချနိုင်ခဲ့ပြီး ယူရိုငွေ ၄၂၃ ဒသမ ၁၁၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

မောင်မောင်မျိုး