နေပြည်တော်၊ ဇန်နဝါရီ  ၂၅
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (စတုတ္ထနေ့) ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) တွင်  ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း စုစုပေါင်း (၁၀) စောင်ကို စာတမ်းရှင်များက ဖတ်ကြားတင်ပြသည်။  
နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ တင်ထွန်းတို့က ဆောင်ရွက်၍ ကျွမ်းကျင်ပညာရှင်များက ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်/ကျောင်းများတွင် အရည်အသွေး အာမခံမှုစနစ် တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် “ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်/ ကျောင်းများ၏ အရည်အသွေး အာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ- Quality Assurance in Health Professional Education: Process, Partnerships and Readiness”  ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။ 
ယင်းနှီးနှောဖလှယ်ပွဲတွင် ဆေးတက္ကသိုလ် (၁) မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ပါမောက္ခ ဒေါက်တာခင်မာမြင့်က “ဆေးပညာသင်ကြားရေးစနစ်၏ အရည်အသွေး အာမခံမှုသမိုင်းကြောင်း၊ လုပ်ငန်း စဉ်များနှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ၏ ဆောင်ရွက်ခဲ့မှုများကို ခြုံငုံသုံးသပ်တင်ပြခြင်:”၊ ဆေး တက္ကသိုလ် (တောင်ကြီး) မှ ပါမောက္ခဒေါက်တာဇော်ဇော်လတ်က “ဆေးပညာရှင်များ၏ အရည်အသွေးအာမခံမှုအရေးပါပုံကို Stakeholder များ၏ ရှုထောင့်မှ ဆွေးနွေးတင်ပြခြင်း”၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိက ဒေါက်တာရီရီစိုးက “သွားဖက်ဆိုင်ရာ ဆေးပညာနှင့်ပတ်သက်၍ အရည်အသွေး အာမခံမှုစနစ် ဆောင်ရွက်ထားရှိခဲ့မှု သမိုင်းကြောင်းကို တင်ပြခြင်း”၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး (သူနာပြု) ဒေါက်တာလေးလေးမြင့်က သူနာပြုများနှင့် သားဖွားဆရာမများ၏ အရည်အသွေးအာမခံမှု လုပ်ငန်းစဉ်တွင် ဒေသတွင်းနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုတင်ပြခြင်း”၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန (နေပြည်တော်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပိုင်သစ္စာက “ ဆေးနှင့်ဆေးနှီးနွယ် ဘာသာရပ်များတွင် ဌာနပြင်ပ အရည်အသွေးအာမခံမှုလုပ်ငန်းစဉ် ရရှိရန်အတွက် ဌာနတွင်း အရည်အသွေးအာမခံမှု လုပ်ငန်းဖော်ဆောင်မှုများ” နှင့် ဆေးတက္ကသိုလ် (၂) မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာပပစိုးက ဆေးပညာသင်ကြားရေး အနာဂတ်အတွက် လမ်းညွှန်ခြင်း- ဆေးပညာသင်ကြားရေး အရည်အသွေး အာမခံချက်အတွက် ဉာဏ်ရည်တုနည်းပညာသုံး၍ အသင့်ပြင်ဆင်ထားရှိမှု” တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ တက်ရောက်လာကြသော ပါမောက္ခများနှင့် ပညာရှင်၊ သုတေသီများမှ ရင်းနှီးပွင့်လင်းစွာမေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှီးနှောဖလှယ်ပွဲသို့ ပညာရှင်များ၊ သုတေသီများ (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊  ဆေးတက္ကသိုလ် (၂) ပါမောက္ခ/ဌာနမှူး၊  ပါမောက္ခဒေါက်တာတင်မိုးဖြူ၊  ဆေးတက္ကသိုလ် (၁) ပါမောက္ခ /ဌာနမှူး၊  ပါမောက္ခဒေါက်တာမွန်မွန် နှင့် ပါမောက္ခ/ဌာနမှူး၊  ပါမောက္ခဒေါက်တာမိုးဝင့်အောင်တို့က ဆောင်ရွက်၍ တင်သွင်းခဲ့သော သုတေသနစာတမ်းများမှာ "အမှတ်(၁) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးအထူးကုဆေးရုံ(ခုတင်-၃၀၀)၊ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) နှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ပြင်ပလူနာ ဌာနများနှင့် ဆေးရုံတက်ရောက်သောလူနာများတွင် သွေးလွန်တုပ်ကွေး ဗိုင်းရစ်ပိုးမျိုးကွဲအား ရှာဖွေစစ်ဆေးခြင်း” သုတေသနစာတမ်းကို တပ်မတော်ဆေးသုတေသနတပ်မှ သုတေသနမှူးဗိုလ်ကြီး ပြည့်ဖြိုးသန့်ကလည်းကောင်း၊ “၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးဗီဇများပြောင်းလဲမှု၊ လူနာများ၏ ကိုယ်ခံစွမ်းအား အခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေများကို လေ့လာခြင်း” သုတေသန စာတမ်းနှင့် “ဆင်တုပ်ကွေးဗိုင်းရပ် (စ်) ရောဂါပိုးအား ကာကွယ်နိုင်သောပဋိပစ္စည်း ပမာဏအား ရန်ကုန်နှင့် မန္တလေးမြို့တွင် လေ့လာခြင်း” သုတေသနစာတမ်းတို့ကို ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်ကျော်က လည်းကောင်း၊ “၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ကလေးဆေးရုံကြီးသို့ ဝမ်းလျှောရောဂါကြောင့် တက်ရောက်ကုသမှုခံယူကြသော ကလေးများရှိ ရိုတာဗိုင်းရပ်စ်-အေအမျိုးအစား၏ ဖြစ်ပွားမှုနှုန်း၊ အဖြစ်များသော ရာသီနှင့် ပိုးမျိုးခွဲများ ပျံ့နှံ့နေပုံတို့ကို လေ့လာခြင်း (ရန်ကုန်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်တိုက်ကျွေးခြင်း၏ အကျိုးသက်ရောက်မှုကို ကာကွယ်ဆေးစတင်ပြီးစ ကာလတွင် ဆန်းစစ်လေ့လာခြင်း)” သုတေသနစာတမ်းကို ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းကလည်းကောင်း၊  “မြန်မာနိုင်ငံရှိ Burkholderia pseudomallei ဘက်တီးရီးယားပိုး၏ မော်လီကျူးလား အချက်အလက်များကို (Enterobacterial Repetitive Intergenic Consensus (ERIC)-PCR) ဖြင့် အုပ်စုဖွဲ့၊ အနုစိတ်ယှဉ်တွဲ ဖော်ထုတ်ဆန်းစစ်ခြင်း” သုတေသနစာတမ်းကို တပ်မတော် ဆေးသုတေသနတပ်မှ သုတေသနမှူး ဗိုလ်မှူးနေမျိုးအောင်ကလည်းကောင်း၊ “အင်ဆူလင် ဟော်မုန်းအာနိသင် လျော့နည်းမှုနှင့် ဇီဝဖြစ်ပျက်မှု ရောဂါစုကို ခွဲခြားနိုင်ရန် HOMA-IR ဖြတ်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရဌာနများရှိ ဆီးချိုရောဂါမရှိသူ ရုံးဝန်ထမ်းများတွင် လေ့လာခြင်း” သုတေသနစာတမ်းကို ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မိမိလေးကလည်းကောင်း၊ “ငန်းတော်ကျားအဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေးမှ ငန်းတော်ကျား မြွေဆိပ်ကိုချေဖျက်နိုင်သည့် သတ္တိရှိမရှိကို လေ့လာခြင်း” သုတေသနစာတမ်းကို ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မာကလည်းကောင်း၊ “မြန်မာ့ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များတွင် လုံလောက်သောကာယကြံ့ခိုင်မှုရှိပါသလား။ ထိုသူများတွင် ကာယကြံ့ခိုင်မှုလေ့လာခြင်း” သုတေသနစာတမ်းနှင့် “မြန်မာနိုင်ငံရှိ ကိုယ်လက် လှုပ်ရှားမှု နည်းသော အရွယ်ရောက်ပြီးသူများအတွင်း ပြင်းထန်သော အချိန်ပိုင်းလေ့ကျင့်မှုလေ့ကျင့်ခန်း၊ ခံနိုင်ရည် လေ့ကျင့်ခန်းနှင့် အာဟာရပြည့်ဝအောင် အစားအသောက်ပုံစံ ပြောင်းလဲမှုတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် နှလုံးနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ တုန့်ပြန်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း” သုတေသနစာတမ်းတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးကလည်းကောင်း၊ “သွားညှိကုသ မှုတွင် အပေါ်အစွယ်သွား၏ လျှင်မြန်သော သွားရွေ့လျားမှုကို နည်းလမ်းနှစ်မျိုးဖြင့် ဆေးလက်တွေ့သုတေသန နှိုင်းယှဉ်ပြုလုပ်ခြင်း” သုတေသနစာတမ်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ မျိုးဇင်ဦးကလည်းကောင်း ဖတ်ကြားတင်ပြကြသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများ (၁၅၀) ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်