(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ အကောင်းဆုံးသုတေသန စာတမ်းဆုများ ပေးအပ်ပွဲကျင်းပ

နေပြည်တော် ၁၈ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ အကောင်းဆုံးသုတေသန စာတမ်းဆုများပေးအပ်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အမှာစကားပြောကြားပြီး အကောင်းဆုံးစာတမ်းနှင့် ပိုစတာဆု ရွေးချယ်ရေးဆပ်ကော်မတီဉက္ကဋ္ဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာများကို တင်ပြ၍ ဆုရရှိသူများအား ကြေညာသည်။

 

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ အကောင်းဆုံး အခြေခံသုတေ သနစာတမ်းဆုကို ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ဒေါက်တာနီလာစန်းနှင့်အဖွဲ့၊ အကောင်းဆုံး လက်တွေ့အသုံးချသုတေသန စာတမ်းဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာသိင်္ဂီဝင်းမြတ်နှင့်အဖွဲ့၊ အကောင်းဆုံး ကျန်းမာရေးစနစ် သုတေသနစာတမ်းဆုကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဒေါ်ဝင်းနီတာနှင့်အဖွဲ့၊ အကောင်းဆုံး ပိုစတာစာတမ်းဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာမို့မို့လှိုင်နှင့်အဖွဲ့၊ အကောင်းဆုံး လူငယ်သုတေသီအခြေခံ သုတေသနစာတမ်းဆုကို ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ဒေါက်တာ မြတ်ဆုလှိုင်နှင့်အဖွဲ့၊ အကောင်းဆုံး လူငယ်သုတေသီလက်တွေ့အသုံးချ သုတေသနစာတမ်းဆုကို ရန်ကင်းကလေးဆေးရုံကြီးမှ ဒေါက်တာမေစန္ဒာစိုးနှင့်အဖွဲ့တို့က ရရှိကြပြီး တာဝန်ရှိသူများက ဆုများပေးအပ်ကြကြောင်း သိရသည်။

 

အောင်ထွန်း