(၄၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အကြို ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲ ကျင်းပ

ဟိုင်းကြီးကျွန်း ၁၄  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ ဘောလုံးကွင်းအတွင်း၌ ယခုလ ၁၄ ရက် နေ့လယ် ၁၂ နာရီအချိန်က (၄၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အကြို ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲကို ကျင်းပခဲ့ရာ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်စောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါရထားဆွဲပြိုင်ပွဲကို ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၊ မရမ်းကွင်းကျေးရွာ၊ ရေနောက်အိုင်ကျေးရွာ၊ ဘန့်ဘွေးကျေးရွာ၊ ကံချိုင်အထက်စုကျေးရွာ၊ ကြာကံကျေးရွာ၊ ကျောက်ချောင်းကျေးရွာနှင့် မော်တင်တို့မှ ဒေသခံများပါဝင်သည့် အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေသခံများကလည်း သောင်းသောင်းဖျဖျ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု တို့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမဆုကို ငွေကျပ်လေးသိန်း၊ ဒုတိယဆုကို ငွေကျပ်သုံးသိန်းနှင့် တတိယဆုကို ငွေကျပ်နှစ် သိန်းပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ဆုရရှိသောအသင်းများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ရထားဆွဲပြိုင်ပွဲကျင်းပ ပြီးစီးသွားပြီးနောက် ညပိုင်းတွင် ဒေသခံလူငယ်များက သီဆိုဖျော်ဖြေပွဲကို ကျင်းပဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)