(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စစ်တွေမြို့၌ကျင်းပ

စစ်တွေ ၁၅ ဒီဇင်ဘာ 

 

 

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ စစ်တွေမြို့ ပြည်တော်သာရက်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ငရို့ရခိုင်သား သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားခဲ့သည်။

 

 

ဆက်လက်၍ မြို့မိ၊မြို့ဖ ဦးမောင်သိန်းဖြူ (စာရေးဆရာ ဂေါယာမြေစောဝင်း)က ရခိုင်ပြည်နယ် နေ့ ပေါ်ပေါက်လာပုံနှင့် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ပြောကြားပြီး ရွှေပင် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူလေးများက လှစီချင် သီချင်းဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်၍ (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ နှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆု၊ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံရသူများ၊ စာပေထူးချွန်ဆုရရှိသူများ၊ ရခိုင်ပြည်နယ် နေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိ ကြသူများ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများ နှင့်ဝတ္ထု(ပုံပြော)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများက ဆုများပေးအပ်ကြသည်။

အလားတူ ယနေ့နံ ၅ နာရီခွဲတွင် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အာရုဏ်ဆွမ်းကပ်လှူဒါန်းခြင်းကို ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ ဆရာတော် ကြီးများကို အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ အာရုဏ်ဆွမ်းကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်များနာကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။