(၄၂)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုသွေးလုပ်ငန်းကော်မတီက စီစဉ်ကျင်းပသည့် (၄၂)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သွေးလှူရှင်များအတွက် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ အကြိမ်(၁၀၀)နှင့်အထက် လှူဒါန်းခဲ့ကြသည့် သွေးလှူရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

(၁၅၂)ကြိမ်မြောက်ဖြင့် အကြိမ်အရေအတွက် အများဆုံးသွေးလှူဒါန်းခဲ့သည့် သွေးလှူရှင် ဦးအောင်မင်းက “တစ်လကို ပုံမှန်သွေး(၃)ကြိမ် လှူဒါန်းခဲ့တာ နှစ်ပေါင်း(၅၀)ရှိခဲ့ပါပြီ၊ နောင်အသက် ရှင်သရွေ့ကာလပတ်လုံး လှူနိုင်သမျှ နှစ်စဉ်လှူဒါန်းသွားဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြောသည်။

 

သွေးသွင်းကုသမှု လုပ်ငန်းစဉ်များတွင် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်သည့် စေတနာရှင် သွေးလှူသူများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဒီဇင်ဘာ ၁၄ ရက်ကို သွေးလှူရှင်များ ဂုဏ်ပြုပွဲနေ့အဖြစ် သတ်မှတ်ထားကာ နိုင်ငံတော်မှလည်း ၂၀၁၄ ခုနှစ်မှစတင်၍ သွေးလှူဒါန်းမှုများ၏ သွေးစစ်ဆေးခြင်း၊ ထုတ်ယူခြင်း၊ ဖြန့်ဖြူးခြင်း အစရှိသည်တို့အတွက် ကုန်ကျစရိတ်အနေဖြင့် နှစ်စဉ် ငွေကျပ်သိန်းပေါင်း ၆၅၀၀ ခန့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

အမျိုးသားသွေးဌာနတွင် သွေးသွင်းလူနာများအတွက် စေတနာရှင် သွေးလှူသူများ၏ သွေးလှူဒါန်းမှုမှာ ၂၀၁၃ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၉၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၇၉ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

 

ယခုနှစ် သွေးလှူရှင်များ ဂုဏ်ပြုပွဲတွင် အကြိမ်အရေအတွက် အများဆုံးဖြစ်သည့် (၁၅၂) ကြိမ်မြောက် သွေးလှူရှင်များ အပါအဝင် အကြိမ်(၄၀)မြောက်နှင့်အထက် သွေးလှူရှင်များ၊ ရဟန်းသံဃာတော် သွေးလှူရှင်များ အပါအဝင် စုစုပေါင်း ၅၁၉ ဦးတက်ရောက်ကြသည်။

 

သတင်း-မြတ်စန္ဒီ
ဓါတ်ပုံ-လှမိုး