(၃၈)ကြိမ်မြောက် ဇီဝိတဒါန နွားဘေးမဲ့ပွဲတော် မုံရွာမြို့တွင်ကျင်းပမည်

မုံရွာ ၇ မတ်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက် ချမ်းသာကြီးမြတ်စွာဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၈)ကြိမ်မြောက်အဖြစ် ကျင်းပမည့် ဇီဝိတဒါနနွားဘေးမဲ့ပွဲတော်ကို ဧပြီ (၁၇)ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့)တွင် ကျင်းပမည်ဖြစ်ရာ ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုသူများအနေဖြင့် ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

            “နွားဘေးမဲ့ပွဲတော်ကို နှစ်စဉ်မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပလာတာ အခုနှစ်ဆိုရင် (၃၈) ကြိမ်မြောက် ရှိလာပါပြီ၊  ဧပြီ(၁၇)ရက်(မြန်မာနှစ်ဆန်းတစ်ရက်)ညနေပိုင်းမှာ မုံရွာမြို့နယ်အတွင်းနဲ့ မြို့နယ် အသီးသီးက အလှူရှင်များ စုပေါင်းလှူဒါန်းရရှိငွေတွေနဲ့  အဲဒီညပိုင်းမှာ သတ်ပြီးအသားဖော်မဲ့ နွားတွေကို ဝယ်ယူ အသက်ကယ်တာပါ၊ နှစ်ဆန်း(၃)ရက်နေ့မှာ မြို့အတွင်းမှာ လှည့်လည်ပြသမယ်၊ နှစ်ဆန်း(၅) ရက်မှာ နွားဘေးမဲ့ခြံကို ပို့ဆောင်ပေးမှာပါ၊ နွားဘေးမဲ့ပွဲကတော့ မုံရွာမြို့မှာ နှစ်စဉ်ကျင်းပတဲ့ အလှူပွဲတစ်ခု ဖြစ်ပါတယ်”ဟု ချမ်းသာကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးတင့်လွင်က ပြောသည်။

            ချမ်းသာကြီးမြတ်စွာဘုရားဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော နွားဘေးမဲ့ပွဲတော်များဖြစ်သော ပထမ အကြိမ်မှ (၁၃)ကြိမ်မြောက်အထိ နွား၊ ကျွဲ၊ ဆိတ် စုစုပေါင်း(၂၅၈)ကောင်အား မန္တလေးမြို့ တံခွန်တိုင် နွားဘေးမဲ့ခြံသို့ လည်းကောင်း၊ (၁၄)ကြိမ်မှ (၁၇)ကြိမ်အထိ နွား(၄၅)ကောင်အား ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ခမည်းပြင်ဘိုးဘိုးကြီး နွားဘေးမဲ့ခြံသို့လည်းကောင်း၊ (၁၈)ကြိမ်မှ (၁၉)ကြိမ်အထိ နွား(၂၅)ကောင်အား ပြင်ဦးလွင်မြို့ ပွေးတောင် သျှီကစ္စနား နွားဘေးမဲ့ခြံသို့လည်းကောင်း၊ အကြိမ်(၂၀)မှ (၂၅)ကြိမ်အထိ နွား(၁၀၁)ကောင်အား နောင်ချိုမြို့နယ် သုံးဆယ်ရွာ လော့ခူးသက်ရှည်မြိုင် နွားဘေးမဲ့ခြံသို့ လည်းကောင်း၊ အကြိမ်(၂၆)မှ (၂၈)ထိ နွား(၅၄)ကောင်အား ပဲခူးတိုင်းဒေသကြီး ပဏ္ဏိတရာမရွှေတောင်ကုန်း သာသနာ့ရိပ်သာသို့လည်းကောင်း၊ အကြိမ်(၂၉)မှ (၃၀)အထိ နွား(၃၉)ကောင်အား ရန်ကုန်၊ ဂျူဗလီ၊ ပန်ဂျရာပို(လ်)စိုဆိုက်တီး ဟိန္ဒူဘာသာရေး ဂေါသာလ ဘေးမဲ့နွားခြံသို့လည်းကောင်း၊ အကြိမ်(၃၁)မြောက် တွင် နွား(၂၀)ကောင်အား ရေစကြိုမြို့နယ် ပန်းတိုင်ခြုံ ကျေးရွာ မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်သို့ လည်းကောင်း၊ (၃၂)ကြိမ် မှ(၃၃)ကြိမ်ထိ နွား(၇၇)ကောင်အား မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဗောဓိငါးထောင် ဘေးမဲ့ခြံသို့လည်းကောင်း၊ (၃၄)ကြိမ်မြောက်တွင် နွားကောင်ရေ(၈၂) ကောင်အား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာ ဦးမှတ်ခြံသို့ လည်းကောင်း၊    (၃၅)ကြိမ်မြောက် နွားဘေးမဲ့ပွဲတော်တွင် အသက် ကယ်တင်ရရှိသော စုစုပေါင်းနွား(၆၃)ကောင်အား မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း ကျေးရွာရှိ အင်းကြင်းမြိုင် ငွေတောင် ဘုန်းတော်ကြီးကျောင်း ဘေးမဲ့ခြံသို့လည်းကောင်း၊ (၃၆)ကြိမ်မြောက် နှင့် (၃၇)ကြိမ်မြောက် နွားဘေးမဲ့ ပွဲတော်မှ အသက်ကယ်တင်ရရှိသော စုစုပေါင်းနွား(၇၃)ကောင်အား  မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ ဆည်တော်ကြီးဘေးမဲ့ခြံသို့လည်းကောင်း  ဘေးမဲ့ပေး အသက်ကယ် ကုသိုလ်ပြုနိုင်ခဲ့ကြောင်း ချမ်းသာကြီးမြတ်စွာဘုရားဂေါပကအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။          

ဝင်းဦး(ဇေယျာတိုင်း)