(၂၁)ကြိမ်မြောက် ထီဖွင့်ပွဲမှ သိန်းတစ်သောင်းဆုရှင်က ပခုက္ကူမြို့ရှိ နေရာဌာနအသီးသီးသို့  ကျပ်သိန်းတစ်ထောင် လှူဒါန်းမည်

ပခုက္ကူ   ၅   နိုဝင်ဘာ  

ပခုက္ကူမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ သိန်းတစ်သောင်း ဆုပိုင်ရှင် ခိုင်ရွှေဝါ မိသားစုက  အလှူငွေပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီက  ကျင်းပသည်။

 

ရှေးဦးစွာ သိန်းတစ်သောင်းဆုပိုင်ရှင် ခိုင်ရွှေဝါ ထီဆိုင်ပိုင်ရှင် ဦးကျော်နိုင်က ပခုက္ကူခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်တို့ထံသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကို ပေးအပ် လှူဒါန်းခဲ့သည်။

 

ထို့နောက် ကိုဗစ်-၁၉ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကိုဗစ်-၁၉ ကာလအတွင်း လှူဒါန်းခဲ့သော အလှူရှင်များနှင့် ယခုလှူဒါန်းပေးသော သိန်းတစ်သောင်းဆုရှင် ခိုင်ရွှေဝါ မိသားစုဝင် များကို ကျေးဇူးတင်စကား ပြောကြားသည်။

 

ခိုင်ရွှေဝါမိသားစုအနေဖြင့် ပခုက္ကူမြို့ရှိ သာသနိကအဆောက်အဦများ၊ စာသင်တိုက်ကြီးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများ၊ ကျေးရွာများသို့ ကျပ်သိန်းတစ်ထောင် လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။     

ကိုတမာ(ပြန်/ဆက်)