၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုသစ်များ ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြပွဲကျင်းပ

နေပြည်တော်၊  ၁၇  ဒီဇင်ဘာ

ပညာရေးဝန်ကြီးဌာနက ကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့် ပညာရေး ကဏ္ဍ၏ စိန်ခေါ်မှုသစ်များ (New Challenges for Higher Education in the 21st Century Myanmar) ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် Online စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးလုပ်ငန်းတွင် အပြည်ပြည်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက်ရှိသော Prof. Dr. Jamil Salmi က ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ကဏ္ဍ၏ စိန်ခေါ်မှုသစ်များ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းသို့ရှင်းလင်းရာတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှု၏ အရေးပါပုံကဏ္ဍနှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်နှင့် အကဲဖြတ်စနစ်များ ဆန်းသစ်ရေးအတွက် တက္ကသိုလ်များ၏ အခန်းကဏ္ဍ ကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်