၂၀ဝ၀ ခုနှစ်နောက်ပိုင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ကူးစက်ရောဂါများ

ဟိုးအရင်ကတည်းက ကမ္ဘာပေါ်မှာ လူတွေကို အစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ကူးစက်ရောဂါ တွေ အများကြီးရှိပါတယ်။ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ကလည်း အဖြစ်များနေတဲ့အတွက် ၂၀ဝ၀ ခုနှစ်က စပြီးတော့ ကမ္ဘာမှာဖြစ်ခဲ့တဲ့ လူအများကြီးကို သေစေတဲ့ ရောဂါတွေနဲ့နှိုင်းယှဉ်ပြီး ပြောပြသွားပါမယ်။

 

၂၀ဝ၃ ဆားစ်ရောဂါ (SARS)

 

• SARSရောဂါဟာ ယခုလက်ရှိဝူဟန်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲပါ။ SARS-CoV လို့ခေါ်ပါတယ်။

 

• ၂၀ဝ၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းမြို့မှာ စတွေ့ခဲ့ပါတယ်။ ကြောင်ကတိုးကနေစပြီး ကူးစက်ခဲ့ပါတယ်။

 

•           လူလူချင်းလည်းကူးစက်ပါတယ်။ အသက်ရှူလမ်းကြောင်းကနေရော မစင်ကနေပါ ကူးစက် ပါတယ်။

 

• ၂၀ဝ၂ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှ ၂၀ဝ၃ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့အထိ တင်ပြချက်များအရ နိုင်ငံပေါင်း ၂၉နိုင်ငံကို ပျံ့နှံ့သွားပြီး လူပေါင်း၈၀ဝ၀ကျော် ကူးစက်ခံရပါတယ်။ လူပေါင်း၈၀ဝခန့်လည်း သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rateကတော့ ၉.၆ရာခိုင်နှုန်းပါ။ အခုထက်ထိ ကာကွယ်ဆေး မရှိသေးပါဘူး။

 

၂၀ဝ၉ ဝက်တုပ်ကွေး

 

• ဝက်တုပ်ကွေးဆိုတာ H1N1 ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ သူ့မတိုင်ခင်ကတော့ ရာသီ တုပ်ကွေးကြောင့် လူတွေအများကြီးသေရမယ်လို့ ဘယ်သူမှ တွေးမိမှာမဟုတ်ပါဘူး။ သာမန်ရာသီ တုပ်ကွေးပိုးနဲ့ မတူတဲ့အတွက် သူ့ကို H1N1pdm09 ဗိုင်းရပ်စ်လို့ခေါ်ပါတယ်။

 

•  ၂၀ဝ၉ နွေဦးရာသီမှာ မြောက်အမေရိကမှာ စတွေ့ခဲ့တဲ့ ဒီရောဂါဟာ သိပ်မကြာခင်မှာပဲ ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားပြီး ၂၀ဝ၉ ဇွန်လမှာတော့ WHOက pandemic (ကမ္ဘာလုံးဆိုင်ရာ) ပျံ့နှံ့မှုအဖြစ် ကြေငြာလိုက်ရပါတယ်။

 

• ဝက်တုပ်ကွေးလို့ခေါ်ရတာက ဝက်တွေမှာစတွေ့လို့ပါ။ ငှက်တွေ၊ လူတွေမှာဖြစ်တဲ့ တုပ်ကွေးပိုး ကနေ မျိုးဗီဇပြောင်းပြီး ဝက်တွေမှာပြန်တွေ့ရလို့ပါ။

 

• လူလူချင်းကူးစက်ပုံတော့ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့အမှုန်အမွှားတွေကို ရှူမိတာ၊ အမှုန်အမွှားတွေပေနေတဲ့ ပစ္စည်းတွေကို ထိမိပြီး နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးကို ကိုင်မိရာက ကူးစက်တတ်ပါတယ်။ ဝက်တုပ်ကွေးဆိုပေမယ့် ဝက်သားစားရာက ကူးစက်တာ မဟုတ်ပါဘူး။

 

•   ၂၀ဝ၉ ဇွန်လအထိ တင်ပြချက်များအရ နိုင်ငံပေါင်း၇၄နိုင်ငံကို ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၂၀၃,ဝ၀ဝ သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rate ကတော့ တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားနှုန်းနဲ့ တွက်ရင် ဝ.ဝ၀၁-ဝ.ဝ၀၇ ရာခိုင်နှုန်းပါ။

 

၂၀၁၂ မားစ်ရောဂါ

 

• မားစ်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး MERS-CoV လို့ခေါ်ပါတယ်။

 

•  ၂၀၁၂ ခုနစ် အရှေ့အလယ်ပိုင်းဒေသမှာ စတွေ့ခဲ့ပြီး ကုလားအုတ်ကနေ စတင်ကူးစက်ပါတယ်။

 

•  တိရစ္ဆာန်ကနေ လူကိုကူးစက်ပုံကိုတော့ သေချာမသိပေမယ့် ကုလားအုတ်ကနေကူးစက်တယ်လို့ ယူဆပါတယ်။ လူလူချင်းကတော့ အသက်ရှူလမ်းကြောင်းကနေတဆင့် (နှာချေ ချောင်းဆိုး) ကူးစက် တတ်ပါတယ်။ နောက်ပြီး ရောဂါပိုးရှိသူနဲ့ အနီးကပ်နေရာကလည်း ကူးစက်တတ်ပါတယ်။

 

•  ၂၀၁၉ နိုဝင်ဘာလကုန်ထိ ထုတ်ပြန်ချက်အရ ရောဂါပိုးရှိသူ ၂၄၉၄ရှိပြီး သေဆုံးသူ ၈၅၈ယောက်ပါ။ သေနှုန်း case fatality rateကတော့ ၃၄.၄ ရာခိုင်နှုန်းပါ။ အခုထက်ထိ ကာကွယ်ဆေး မရှိသေးပါဘူး။

 

၂၀၁၄ အီဘိုလာ

 

• အီဘိုလာရောဂါဟာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ ၁၉၇၆ ကနေ ၂၀၁၈ ခုနှစ်အထိ ပေါ်လိုက်ပျောက်လိုက်ပါပဲ။ အဆိုးဆုံးကတော့ ၂၀၁၄ မှာဖြစ်ခဲ့တာပါ။

 

• ၂၀၁၄ မတ်လလောက်မှာ အနောက်အာဖရိကမှာ စတွေ့ခဲ့ပါတယ်။ လင်းနို့တွေ၊ လူဝံတွေ၊ မျောက်တွေကနေ ကူးစက်ပါတယ်။

 

•  လူလူချင်းကူးစက်ပါတယ်။ ရောဂါပိုးရှိသူ ဒါမှမဟုတ် သေဆုံးသူရဲ့ သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကို ကိုင်တွယ်မယ်၊ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကိုင်မိမယ်ဆိုရင် ကူးပါတယ်။

 

• ၂၀၁၄ မတ်လမှ ၂၀၁၆ ဇွန်လ ၁၀ ရက်နေ့အထိ တင်ပြချက်များအရ အီဘိုလာဟာ ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၂၈၆၁၆ ကူးစက်ခံရကာ ၁၁၃၁၀ သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rateကတော့ ၅၀ ရာခိုင်နှုန်းပါ။ ၂၀၁၅ က ကာကွယ်ဆေးထွင်ခဲ့ပေမယ့် ဆက်လက် လေ့လာမှုကို လုပ်ရပါဦးမယ်။

 

၂၀၁၅ ဇီကာရောဂါ

 

•  ဇီကာရောဂါက ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။

 

• ၂၀၁၅ နှစ်ဦးပိုင်းမှာ ဇီကာရောဂါ epidemic ဖြစ်ခဲ့ပါတယ်။ ဘရာဇီးကစပြီး ကမ္ဘာ့နိုင်ငံ အတော်များများကို ပျံ့နှံ့သွားပါတယ်။

 

• Aedes ခြင်ကိုက်ရာက ဖြစ်ပါတယ်။ နေ့ရောညပါ ကိုက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်ပြီး မွေးလာတဲ့ကလေးမှာ ချိုယွင်းချက် ပါနိုင်ပါတယ်။ လိင်ဆက်ဆံရာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ သွေးသွင်းရာကနေ ကူးစက်နိုင်ပေမည့် အတိအကျတော့ မပြောနိုင်သေးပါဘူး။

 

•  ဇီကာရောဂါက သေနှုန်းနည်းပေမယ့် ဘရာဇီးနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကြောင့် မွေးရာပါ ဦးခေါင်းသေးတာက ၈.၃ ရာခိုင်နှုန်းရှိပါတယ်။ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။

 

၂၀၁၉ နိုဗယ်ကိုရိုနာ အဆုတ်ရောင်ရောဂါ

 

•   ဒီအဆုတ်ရောင်ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး 2019n-CoV လို့ခေါ်ပါတယ်။

 

• ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတွေ့ပြီး လင်းနို့ကနေစတင် ကူးစက်တယ်လို့ ယူဆကြပါတယ်။

 

• လူလူချင်းကူးစက်တာကိုလည်း တွေ့နေရပါတယ်။ ကူးစက်ပုံကို သေချာမပြောနိုင်သေးပေမယ့် အရင်ကိုရိုနာ ဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာက ဗိုင်းရပ်စ်ပိုးတွေ လေထဲကတဆင့် အသက်ရှူ လမ်းကြောင်းကို တိုက်ရိုက်ကူးစက်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ထိတွေ့မိရာက ကူးတယ်လို့ ယူဆပါတယ်။

 

• ၂၀၂၀ ဇန်နဝါရီ ၂၇ အထိ ထုတ်ပြန်ချက်များအရ တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံကို ပျံ့နှံ့သွားပြီး ကူးစက်သူ ၂၈၁၁၊ သေဆုံးသူ ၈၀ ပါ။ သေဆုံးသူအားလုံးမှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ အခုထိ ကာကွယ်ဆေးမရှိသေးပါဘူး။

 

ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်