၂၀၅၀ ပြည့်နှစ်တွင် အာရှဒေသရှိ လူဦးရေ တစ်ဘီလီယံမှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့် အပူလှိုင်းဒဏ် ခံစားရမည်

ဗန်ကောက်   ၅  ဒီဇင်ဘာ

၂၀၅၀ ပြည့်နှစ်တွင် ရာသီဥတုဖောက်ပြန်မှုပိုမိုဆိုးရွားလာ ခြင်းနှင့်အတူ အာရှတိုက်ရှိ လူဦးရေတစ်ဘီလီယံတို့မှာ အသက်အန္တရာယ် ထိခိုက်နိုင်သည့် အပူလှိုင်းဒဏ်သင့်မှုကို ခံစားကြရမည်ဖြစ်ကြောင်း နာမည်ကျော် အတိုင်ပင်ခံ လုပ်ငန်း မက်ကင်ဆေးအင်စတီကျုမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာရှနိုင်ငံများအနေဖြင့် ပါရီသဘောတူညီချက်ပါ | ရည်မှန်းချက်များ တိုးတက်အောင် မဖော်ဆောင်နိုင်မှုကြောင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် လက်ရှိ အာရှဒေသ၏ ပျမ်းမျှအပူချိန်မှာ လက်ရှိအပူချိန်ထက် ၂ ဒီဂရီနှင့်အထက် ထပ်မံတိုးလာဖွယ်ရှိနေသည်။ အရှေ့တောင်အာရှနိုင်ငံများ တွင် မြို့ပြဧရိယာ တိုးချဲ့လာမှုကြောင့် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ထပ်တိုးလာဦး မည်ဖြစ်ကာ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးမှု ကဏ္ဍတွင် ထိခိုက်မှုများ ရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအခြေပြုထားသည့် အာရှနိုင်ငံများအတွက် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမှာပင် စီးပွားရေးထိခိုက်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံမှ ၄ ဒသမ ၈ ထရီလီယံအထိ ရှိလာနိုင်ဖွယ်ရှိကြောင်းလည်း မက်ကင်ဆေးက ခန့်မှန်းချက်ထုတ်ခဲ့သည်။

“လူတွေက တစ်နှစ်ကို ဝင်ငွေတိုးလာဖို့ပဲ စဉ်းစားကြတာပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းကနေ ရာသီဥတုမမှန်ဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အပျက်အစီးတွေ ကြုံလာမယ်။ ထိခိုက်လာမယ်ဆိုတာ မစဉ်းစားကြဘူး” ဟု မက်ကင်ဆေးကုမ္ပဏီဥက္ကဋ္ဌ အိုလီဗာတွန်ဘီက ပြောကြားခဲ့သည်။

တောင်အာရှ၊ အရှေ့အာရှဒေသတို့တွင် ထိခိုက်မှုများ များပြားနိုင်သလို အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်မှာ ထိခိုက်မှုအများဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း မက်ကင်ဆေး၏ ခန့်မှန်းချက်တွင် ဖော်ပြပါရှိသည်။

ကိုးကား- ဗန်ကောက်ပို့စ်၊ ဘာသာပြန်-မေလဲ့သင်း