၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏စီးပွားရေး နှစ်ဆတိုးလာပြီး ဝင်ငွေမြင့်မားလာနိုင်ကြောင်း သမ္မတ ရှီကျင့်ဖျင် ပြောကြား

ပေကျင်း    နိုဝင်ဘာ

တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးနှစ်ဆတိုးလာပြီး ဝင်ငွေမြင့်မားသော နိုင်ငံ ဖြစ်လာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် ရေရှည်စီးပွားရေးမူဝါဒများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက နိုဝင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်သည် ကိုရိုနာဗိုင်းရပ်စ်၏ နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအမြန်ဆုံးပြန်လည်ဦးမော့ လာခဲ့ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၌ ၂၀၃၅ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်း စီးပွားရေးပမာဏ သို့မဟုတ် တစ်ဦးချင်းဝင်ငွေသည် နှစ်ဆတိုးလာလိမ့်မည်ဖြစ်ကြောင်းလည်း ရှီကျင့်ဖျင်က ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖျင်က ၎င်းအနေဖြင့် ကတိပြုထားသည့် အတိုင်း တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်ကုန်တွင် ကျေးလက်နေပြည်သူများအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်နိုင်မည့်ပန်းတိုင်တစ်ရပ်ကို ရရှိလိမ့်မည်ဟုလည်း မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အလင်းသစ်