၂၀၂၈ ခုနှစ်၌ ကမ္ဘာ့စီးပွားရေးအင်အားကြီး နံပါတ်(၁)နေရာကို အမေရိကန်နိုင်ငံထံမှ တရုတ်နိုင်ငံ လွှဲပြောင်းရယူနိုင်ဖွယ်ရှိ

လန်ဒန် ၂၈ ဒီဇင်ဘာ

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နှစ်ပေါင်းများစွာ ရယူထားသည့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နံပါတ်(၁)နေရာကို ခန့်မှန်းကာလထက် ငါးနှစ်စော၍ ၂၀၂၈ ခုနှစ်အရောက်တွင် လွှဲပြောင်းရယူတော့မည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက်စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများ သုတေသနစင်တာ၏ အစီရင်ခံစာတစ်ရပ်က ခန့်မှန်းသည်။

အခြား အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယသည်လည်း ၂၀၃၀ ပြည့် နှစ်အရောက်တွင် ကမ္ဘာ့စီးပွားရေး တတိယ အင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်ဟူသော ခန့်မှန်းချက်လည်း အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။

တရုတ်၏ ကိုဗစ်-၁၉ ရောဂါအပေါ် စနစ်ကျသည့်တုံ့ပြန်မှုကြောင့် စီးပွားရေး ပြန်လည်နာလန်ထမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်လာခဲ့ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

တရုတ်သည် ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားရာ နိုင်ငံဖြစ်သော်လည်း တင်းကျပ်သည့် ကန့်သတ်ရေးအစီ အမံများကြောင့်ပင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများကဲ့သို့ အကြိမ်ကြိမ်အခါခါ သွားလာမှု ကန့်သတ်ချက်များ မဆောင်ရွက်ခဲ့ရသဖြင့် အခြားစီးပွားရေးအင်အား ကြီးနိုင်ငံများကဲ့သို့ စီးပွားရေးကျဆင်းမှု မဖြစ်ပေါ်ခဲ့ဘဲ ၂၀၂၀ ပြည့်နှစ်အတွင်း စီးပွားရေး ၂ ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိခဲ့သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

အမေရိကန် စီးပွားရေးသည် ကိုဗစ်-၁၉ အလွန်ကာလ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ပုံမှန် တိုးတက်နေမည်ဖြစ်ပြီး ယင်းနောက်ပိုင်းနှစ်များတွင် နှစ်စဉ်တိုးတက်မှုနှုန်း ( ၁ ဒသမ ၆ ရာခိုင်နှုန်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ သို့ရာတွင် တရုတ်စီးပွားရေးက ၂၀၂၅ ခုနှစ်ရောက်သည်အထိ တစ်နှစ်လျှင် ၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဖြစ်ကာ၂၀၂၀ မှ၂၀၃၀ ပြည့်နှစ် အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဆက်လက်ရရှိနေမည်ဖြစ်သဖြင့် ၂၀၂၈ ခုနှစ်အရောက်တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နံပါတ်(၁)နေရာကို တရုတ်က အမေရိကန်ထံမှ လွှဲပြောင်းယူတော့မည် ဖြစ်ကြောင်း ခန့်မှန်းထားခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်အထိ တရုတ်နိုင်ငံစီးပွားရေး နှစ်စဉ်တိုးတက် မှုနှုန်းသည် ၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်အလွန်မှ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလအထိ နှစ်စဉ်တိုးတက်မှုနှုန်း ၁၇ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာကပင် ဆက်လက်ဖော်ပြသည်။

ဘာသာပြန် - မေလဲ့သင်း

ကိုးကား - ဘီဘီစီ