နေပြည်တော် ဖေ‌ဖော်ဝါရီ ၂

 

၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetland Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးရွာ မိုးယွန်းကြီးအင်းအပန်းဖြေစခန်း ကြိုးကြာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခများ၊ ပဲခူးတိုင်းဒေသကြီးမှ ဆက်စပ်ဌာနများ၊ ဆရာ ဆရာမများနှင့် ဆုရကျောင်းသား ကျောင်းသူများ၊ ကုမ္ပဏီအသင်းအဖွဲ့များ နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုးယွန်းကြီး အင်းအတွင်း စက်လှေများဖြင့် ဆောင်းခိုငှက်များ ကြည့်ရှုခြင်း၊ သဘာဝတိုင်းရင်း ငါးနှင့် မြန်မာ့ဒေသရင်း လိပ်များအား ဘေးမဲ့လွှတ်ခြင်းတို့ကို ဆောင်ရွက်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ဆောင်ပုဒ် “ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဂုဏ်ယူဝင့်ကြွားဖို့ ရေဝပ်ဒေသများနှင့် ရိုးရာအသိပညာများထိန်းသိမ်းစို့ ဆိုသည့်အတိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ ဓလေ့ထုံးတမ်းများကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများသာမက ရိုးရာယဉ်ကျေးမှုကိုပါ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေဝပ်ဒေသထိန်းသိမ်းခြင်းလုပ်ငန်းများသည် ရာသီဥတုနှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်စေရုံ သာမက ယင်းအပေါ်တွင် မှီခိုနေသော ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းကို လုံခြုံမှုရရှိစေကြောင်း၊ ထို့ပြင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန် အသိပညာပေးအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များက ရေဝပ်ဒေသများ၏ အကျိုးကျေးဇူးများနှင့် တန်ဖိုးများကို သိရှိကာ ပူးပေါင်းပါဝင်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ရေဝပ်ဒေသဂေဟစနစ်များ ထာဝစဉ်တည်တံ့စေရေး၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့၌ ရိုးရာအသိပညာများသည် အရေးကြီးသည့်အတွက် ပိုမိုထိန်းသိမ်းကာကွယ်ရန်လိုအပ်ကြောင်း၊ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ခြင်းသည် သက်ရှိများ၏ဘဝရပ်တည်မှုကို ထိန်းသိမ်း ကာကွယ်ခြင်းပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ရေဝပ်ဒေသများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းကာကွယ်နိုင်ရန် လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကျင်းပရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရကျောင်းသား ကျောင်းသူများ၏ ပန်းချီများ၊ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများ၊ ရေဝပ်ဒေသ ထိန်းသိမ်းရေးနှင့် ပညာပေးပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်