၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တာမွေ ဇန်နဝါရီ ၂၂

 

မြန်မာ့ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များ ပေါ်ပေါက်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ရွှေသံလွင်မီဒီယာမှ ပထမဆုံးအကြိမ် စီစဉ်ကျင်းပည့် ၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပိုက်ကျော်ခြင်း အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများက အသီးသီး မိတ်ဆက်ကြပြီး ဖွင့်ပွဲပွဲစဉ်များအဖြစ် Ko Paing အသင်းနှင့် USL အသင်း၊ Huamei Myanmar အသင်းနှင့် Grand Mekong အသင်း၊ Khit Kyaung Thar အသင်းနှင့် Ko Paing အသင်း၊ USL အသင်းနှင့် Shwe Kyung Thar အသင်းတို့ ယှဉ်ပြိုင်ကြသည်။

 

၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံရှိ နာမည်ကျော်ပိုက်ကျော်ခြင်း ကစားသမားများ၊ ၂ဝ၂၃ ခုနှစ် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကြီး၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများ၊ လူငယ်ပိုက်ကျော်ခြင်း ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲများကို အမျိူးသား သုံးယောက်တွဲ ပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲအမျိုးအစား (၃)မျိုး စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး အသင်းအရေအတွက်အားဖြင့် စုစုပေါင်း အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း လေးသင်း ၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ခြောက်သင်း၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)