၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း(ငွေဆောင်)အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ငွေဆောင် ဧပြီ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ၊ ယမုံနာဦး ဟိုတယ်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်‌ပေးခဲ့‌ကြသည်။

 

ဦးစွာ ဖွင့်ပွဲအား ယမုံနာဦးဟိုတယ် အရှေ့ဘက်မုခ်ဦး၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သန်းသန်းမြင့်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ယမုံနာဦးဟိုတယ် ခန်းမအတွင်း၌ ကျင်းပရာ လူရည်ချွန် မောင်မယ်များက မြန်မာ့ကျောင်း သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူရည်ချွန်ဆိုသည်မှာ ဗလငါးတန်ပြည့်စုံသည့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ကြောင်း၊ နိုင်ငံတော်မှ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအပန်းဖြေစခန်း ဖွင့်လှစ်ပေးခြင်းမှာ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် လူငယ်များကို ချီးမြှောက်ခြင်းဖြစ်ကြောင်း၊ အပန်းဖြေရင်း နယ်မြေဒေသ ဗဟုသုတများကို လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ စိတ်လက်အပန်းပြေစေရန်အတွက် ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးထားကြောင်း၊ ဖြူစင်ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တည်ကြည်ခြင်းများဖြင့် ရှေ့သို့ဆက်လက်လျှောက်လှမ်း သွားနိုင်ပါစေကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက လူရည်ချွန်စခန်း ဖွင့်လှစ်ထားရှိခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ရင်ထိုးတံဆိပ်များ ချီးမြှင့်အပ်နှင်းပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လူရည်ချွန် မောင်မယ်များထံသို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်မှူးနှင့် လူရည်ချွန်ကြီးများက အမှတ်တရလက်ဆောင်များ လိုက်လံပေးအပ်ကာ ..က(ခွဲ) ရှောက်ချောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေပြီး လူရည်ချွန်မောင်မယ်များက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)