၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်   မေ  ၁၄

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)၌ ကျင်းပသည်။

 

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆုရစာပေပညာရှင်များနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ အရာထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူလူထုအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုများ နေ့စဉ်ဆောင်ရွက်ရန်လိုအပ်ပုံကို ပြည်သူတစ်ရပ်လုံး သိရှိလာစေပြီး အားကစားကို စိတ်ပါဝင်စားလာအောင် အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ ဆွဲဆောင်စည်းရုံးခြင်း၊ အကြံပြုတင်ပြပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်းများကို ကလောင်စွမ်းများဖြင့် စွမ်းဆောင်ရေးသားပေးခဲ့ သည့် ဆုရစာပေပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ယခုထက်ပိုမို အကြံပြုစွမ်း ဆောင်ရေးသားပေးသွားရန် တိုက်တွန်းပြောကြားပြီး မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲတွင် ဆုများရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ဝတ္ထုတိုပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဒေါ်ခင်မာသန်း(ထွေးမ-ဟင်္သာတ)က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)