၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြား ချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့သည်။ 

မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကိုကျင်းပခဲ့ခြင်းဖြစ်သည်။

ဖိုရမ်အကြိုအစီအစဉ်အနေဖြင့် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများ၏ ထုတ်ကုန်ပြပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ချုံချင့်မြို့ရှိ Guanyinqiao အရောင်းစင်တာ၌ ကျင်းပခဲ့ပြီး အဆိုပါအစီအစဉ်သို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် ချုံချင့်မြို့တော်ဝန်က တည့်ခင်းဧည့်ခံသည့် ညစာစားပွဲကို ချုံချင့်မြို့ရှိ Wudu ဟိုတယ်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀  နာရီတွင် ချုံချင့်မြို့ရှိ နိုင်ငံခြားရေးရုံး၌ ကျင်းပရာ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် ခေါင်းဆောင်များနှင့်အတူ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုနိုင် ရေးအတွက် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာစေပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးမှုများသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နောင် အနာဂတ်တွင် ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်းမှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါ ကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံရှိ ချုံချင့်ဒေသအပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကုန်စည်များကို ဖော်ထုတ်တင်ပို့ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအရှိန်မြှင့်တင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ညနေပိုင်းတွင် Bishan ခရိုင် New World ဟိုတယ်တွင် ကျင်းပသည့် ဖိုရမ်အစီအစဉ်၌ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့တော်ဝန်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးကျော်ဆန်း တက်ရောက်ဆွေးနွေးသည်။

မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါမှုများ၊ မန္တလေးနှင့် ပုဂံမြို့များ အပါအဝင် ဆက်စပ်ဒေသများ၏ ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဖိုရမ်သို့ တက်ရောက်နေသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ချုံချင့်မြို့ရှိ မော်တော်ယာဉ် ပြခန်းစင်တာ၊ ချုံချင့်မြို့ပြစီမံကိန်းဆိုင်ရာ ပြခန်း၊ ချုံချင့်မြို့ရှိ နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး ပြခန်းများသို့ သွားရောက်လေ့လာကြသည်။

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အတူ ချုံချင့် ဒုတိယ မြို့တော်ဝန်၊ စစ်ချွမ်းပြည်နယ်လွှတ်တော် အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ Bang ပြည်နယ် ဒုတိယအတွင်းရေးမှူးတို့နှင့် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြပြီး ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်