၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပေါ်တူဂီနှင့် ပိုလန်တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရှုံးထွက်အဆင့် ဗိုလ်လုပွဲစဉ်အဖြစ် ပေါ်တူဂီနှင့် မြောက်မက်ဆီ ဒိုးနီးယား၊ ပိုလန်နှင့် ဆွီဒင်အသင်းတို့ပွဲစဉ်ကို မတ် ၃၀ ရက်နံနက်ပိုင်းက အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တူဂီအသင်းနှင့် ပိုလန်အသင်းတို့ အနိုင်ရရှိပြီး ကာတာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

ပေါ်တူဂီအသင်းသည် ရှုံးထွက်အဆင့် ဆီမီးဖိုင်နယ်တွင် တူရကီအသင်းနှင့် တွေ့ဆုံခဲ့ပြီး သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် မြောက်မက်ဆီဒိုးနီးယားအသင်းက အဆိုပါ အဆင့်တွင် နာမည်ကြီး အီတလီအသင်းနှင့် တွေ့ဆုံခဲ့ပြီး တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ပလေးအော့ဖ် ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်းသည် နိုင်ပွဲရရှိရေးကိုသာ ဦးတည်လာခဲ့ပြီး ပြိုင်ဘက်ကို ဂိုးအသာ၊ ခြေအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် စီရော်နယ်ဒို၏ ဖန်တီးမှုမှ ဖာနန်ဒက်စ် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပေါ်တူဂီအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် ပေါ်တူဂီ အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် ဂျီတာ၏ ဖန်တီးမှုမှ ဖာနန်ဒက်စ်ကပင် သွင်းယူ ပေးခဲ့သည်။ ပေါ်တူဂီအသင်းသည် မြောက်မက်ဆီဒိုးနီး ယားအသင်းကို အနိုင်ရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ခြောက်နှစ်ဆက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

ပိုလန်နှင့် ဆွီဒင်အသင်းတို့ ပွဲစဉ်တွင် ပိုလန်အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ပိုလန်အသင်းအတွက် သွင်ဂိုးများကို ပွဲချိန် မိနစ် ၅၀ တွင် လီဝမ်ဒေါစကီးက ပယ်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် ဇီလင်စကီးက သွင်းယူပေးခဲ့သည်။

အောင်ဇော်