၂၀၂၂ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအခြေအနေ

အနောက်တောင်မုတ်သုံလေသည် ၂၀၂၂ ခုနှစ် မေလ (၂၇)ရက်နေ့မှ ဇွန်လ(၄)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော် (၁၃)ရက်နေ့မှ နယုန်လဆန်း (၆)ရက်နေ့) အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလပထမရက် သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိသည်။

မိုးဦးကာလ ခန့်မှန်းချက်

မိုးဦးကာလသည် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက် သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်သည်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်ရှိနိုင်သည်။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

မိုးလယ်ကာလ ခန့်မှန်းချက်

မိုးလယ်ကာလသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်သည်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်သည်။ မိုးရွာသွန်းမှု အခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် သည်။

မိုးနှောင်းကာလ ခန့်မှန်းချက်

မိုးနှောင်းကာလသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်သည်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်သည်။ မိုးရွာသွန်းမှု အခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန