၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်)

(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ယခုလက်ရှိ ဇန်နဝါရီလအတွင်း အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိ နိုင်ပြီး၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် အားအနည်းငယ်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ 
(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။
(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန