၂၀၂၁ ခုနှစ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး သန်းနှင့်ချီ၍ ထုတ်လုပ်နိုင်ရေး ရုရှားရည်ရွယ်ထား

မော်စကို ၄ ဩဂုတ်

 


လာမည့်လအတွင်း ရုရှားနိုင်ငံက ကိုဗစ် - ၁၉ ကာကွယ် ဆေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်သွားရန်နှင့် လာမည့်နှစ်အတွင်း သန်းနှင့်ချီ၍ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဩဂုတ် ၃ ရက်တွင် ကြေညာခဲ့သည်။


တိုင်းပြည်အတွင်း ကာကွယ်ဆေးအချို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး Gamaleya အင်စတီကျုတွင် ပြင်ဆင်နေသည့် ကာကွယ်ဆေးမှာ တိုးတက်မှုများ ရရှိနေသည်။

 

စက်တင်ဘာလအတွင်း ထုတ်လုပ်မှုပမာဏကို အရှိန်မြှင့်တင်ရန် စီစဉ်လျက်ရှိသည်ဟု ရုရှားစက်မှုဝန်ကြီး ဒန်နစ် မန်တူရိုဗ်က တီအေအက်စ်အက်စ် သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။


Gamaleya ကာကွယ်ဆေးမှာ လူသားများတွင် စမ်းသပ်မှု ပြီးသွားပြီဖြစ်ပြီး အချက်အလက်များကို မှတ်တမ်းတင်ရန် ပြင်ဆင်နေသည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရက်ရှိကိုက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ဆားဘီးယားအခြေစိုက် ဗက်တာဓာတ်ခွဲခန်းမှ စမ်းသပ်နေသည့် အခြားသော ကာကွယ်ဆေးတစ်မျိုးမှာလည်း လက်ရှိတွင် စမ်းသပ်မှုပြုလုပ်နေပြီး လာမည့်နှစ်လအတွင်း နောက်ထပ်ကာကွယ်ဆေး နှစ်ခုကိုလည်း လူသားများတွင် စမ်းသပ်မှုစတင်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


ရုရှားနိုင်ငံ၏ ကိုဗစ် - ၁၉ ကူးစက်မှုမှာ အမေရိကန် ပြည်ထောင်စု၊ ဘရာဇီးနှင့် အိန္ဒိယတို့ပြီးလျှင် စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

 

အေအက်ဖ်ပီ