၂၀၂၁ ခုနှစ် တစ်နှစ်တာ အားကစားဆိုင်ရာ အကောင်းဆုံးဆုကို ရာဒူကာနူ ဆွတ်ခူး

ဆယ်ကျော်သက် ယူအက်စ်အိုးပင်းတင်းနစ်ချန်ပီယံ အမ်မာရာဒူကာနူသည် ဘီဘီစီက  ရွေးချယ် ချီးမြှင့်သည့် ၂၀၂၁ ခုနှစ်  အားကစားဆိုင်ရာတစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၁၈ နှစ်အရွယ် ရာဒူကာနူသည် ဗြိတိန်၏ နှစ်ပေါင်း ၄၄ နှစ်ကြာ အမျိုးသမီး ဂရင်းဆလမ်း တစ်ဦးချင်းချန်ပီယံဆုနှင့် ဝေးကွာနေမှုအား ကနေဒါတင်းနစ်မယ် လေလာဖာနန်ဒက်စ်ကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူကာ  အဆုံးသတ်နိုင်ခဲ့သူ ဖြစ်သည်။

အဆိုပါ ဆုပေးပွဲတွင် ဒိုင်ဗင်သမား တွန်ဒါလေးက ဒုတိယရရှိပြီး ရေကူးသမား  အဒမ်ပီတီက တတိယနေရာ ရရှိခဲ့သည်။  ထို့အပြင် မန်စီးတီးအသင်းနှင့် အင်္ဂလန်တိုက်စစ်ကစားသမား ရာဟင် စတားလင်း၊ လက်ဝှေ့သမား တိုင်ဆန်ဖျူရီနှင့် ဗြိတိန်၏ အအောင်မြင်ဆုံး မသန်စွမ်းအားကစားသမား ဆာရာစတိုရေးတို့သည် အဆိုပါဆုရွေးချယ်ပွဲတွင် ဆန်ခါတင်စာရင်းသို့ ပါဝင်ခဲ့ကြသည်။ မသန်စွမ်း အားကစားသမား ဆာရာစတိုရေးသည် ၂၀၂၀ တိုကျို မသန်စွမ်းအားကစားပြိုင်ပွဲတွင် ၎င်း၏ ၁၇ ခု မြောက် ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

လက်ရှိကမ္ဘာ့အဆင့် (၁၉) နေရာတွင် ရပ်တည်နေသည့် ဗြိတိန်နံပါတ်တစ် တင်းနစ်မယ် ရာဒူကာနူသည် ၁၉၇၇ ခုနှစ် ဗာဂျီးနီးယားဝဒီနောက်ပိုင်း ဘီဘီစီက ရွေးချယ်ချီးမြှင့်သည့် အားကစားဆိုင်ရာ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိသည့် ပထမဆုံးအမျိုးသမီးတင်းနစ်မယ် ဖြစ်လာခဲ့သည်။ ရာဒူကာနူသည် ၂၀၀၄ ခုနှစ် မာရီယာရှာရာပိုဗာ နောက်ပိုင်း ဂရင်းဆလမ်း ချန်ပီယံဆုကို ဆွတ်ခူးနိုင် သည့် အသက်အငယ်ဆုံး တင်းနစ်မယ်အဖြစ်လည်း မှတ်တမ်းတင်ထားသူဖြစ်သည်။

၂၀၂၁ ခုနှစ် အားကစားဆိုင်ရာ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် အင်္ဂလန်နည်းပြ ဂါးရက် ဆောက်ဂိတ်က တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး အသင်းအဖြစ် အင်္ဂလန်အမျိုးသားအသင်းက ရရှိခဲ့သည်။ နည်းပြဆောက်ဂိတ်သည် ယူရို ၂၀၂၀ ဗိုလ်လုပွဲသို့ အင်္ဂလန်အသင်းကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် ဆောက်ဂိတ် သည် အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်အောင်လည်း ကူညီပေးထား နိုင်သူဖြစ်သည်။

အောင်ဇော်