၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ ဒီဇင်ဘာလတွင် အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနေပြီး၊ လာမည့် ဇန်နဝါရီလတွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ် များ ဖြစ်ပေါ်လေ့ရှိသည်။

လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။

မိုး/ဇလ