၂၀၂၁ အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ ကျင်းပရန် လျာထားရက်များ ထုတ်ပြန်

ရန်ကုန်၊  ၁၉  ဒီဇင်ဘာ

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၁ အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ ကျင်းပရန် လျာထားရက်များကို အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခု၏ ခြေစစ်ပွဲများကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီ၊ နောက်ဆုံး အဆင့် အုပ်စုပွဲများကို ဖေဖော်ဝါရီတွင် စတင်ကျင်းပလေ့ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် လာမည့်နှစ်တွင် နောက်ဆုတ်ကျင်းပမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲကို မတ်လ၊ Play-off အဆင့် ခြေစစ်ပွဲကို ဧပြီလ၊ အုပ်စုပွဲစဉ်များကို ဧပြီလ၊ AFC Cup ပြိုင်ပွဲ အကြိုခြေစစ်ပွဲနှင့် Play-off ခြေစစ်ပွဲ များကို ဧပြီလ၊ အာဆီယံဇုန်အုပ်စုပွဲများကို ဇွန်လတို့တွင် ကျင်းပရန်လျာထားပြီး ကိုဗစ်-၁၉ ရောဂါအပေါ်မူတည်၍ ရက်အပြောင်းအလဲ ပြုလုပ်မည်ဖြစ်သည်။ လာမည့်နှစ် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ရှမ်းယူနိုက် တက်အသင်း၊ ခြေစစ်ပွဲတွင် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်း သည် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက AFC Cup ပြိုင်ပွဲတွင် ဧရာဝတီအသင်းက အစားထိုး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ သတ်မှတ်ချက်အရ MNL အမှတ်ပေးချန်ပီယံအသင်းမှာ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်နှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံအသင်းမှာ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ၂၀၂၀ ရာသီတွင် ကပ်ရောဂါကြောင့် ရှုံးထွက်ပြိုင်ပွဲ မကျင်းပနိုင်သဖြင့် အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရသည့် ဟံသာဝတီအသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်