၂၀၂၀ ရာသီတွင် ထိုင်းလိဂ်တွင်ကစားမည့် မြန်မာကစားသမားများ

ရန်ကုန် ၂၅ ဒီဇင်ဘာ

ပြီးခဲ့သည့်နှစ် အနည်းငယ်ကတည်းက မြန်မာကစားသမားများသည် ထိုင်းလိဂ်တွင် သွားရောက်ကစားလျက်ရှိပြီး လာမည့်ရာသီတွင် မြန်မာကစားသမားသုံးဦးမှာ ထိုင်းကလပ်များတွင် သွားရောက်ကစားရန် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

ထိုင်းလိဂ်သို့ နောက်ဆုံးပြောင်းရွှေ့ခဲ့သူမှာ ဖိလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာ ယူ-၂၂ အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့သည့် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ဖြစ်ပြီး ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ချိုင်းနတ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက မြတ်ကောင်းခန့်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ဆေးစစ်မှုများပြုလုပ်ကာ အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

မြတ်ကောင်းခန့်သည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းတွင် နောက်ဆုံးကစားခဲ့ပြီး ယခုလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် ချိုင်းနတ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ မြတ်ကောင်းခန့်မတိုင်မီက မြန်မာ့လက်ရွေးစင် ကစားသမားများဖြစ်သည့် နောက်ခံလူ ဇော်မင်းထွန်း ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း၊ တောင်ပံကစားသမား ဆွမ်လမန်သည် ထိုင်းလိဂ်-၃ ကလပ် မြောင်ကန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ 

ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီတွင် ချောင်ဘူရီအသင်းတွင် ကစားခဲ့ပြီး ယခုရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ MNL ကလပ်အသင်းများဖြစ်သည့် ဇွဲကပင်၊ ချင်းယူနိုက်တက်၊ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတွင် ကစားခဲ့သည့် ဆွမ်လမန်သည် ထိုင်းလိဂ်-၂ ကလပ်သို့ ပြောင်းရွှေ့ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ နာမည်ကြီးတိုက်စစ်မှူးများဖြစ်သည့် ကျော်ကိုကိုနှင့် အောင်သူမှာလည်း လာမည့်ရာသီတွင် ထိုင်းလိဂ်၌ သွားရောက်ကစားမည်ဖြစ်သော်လည်း ဒီဇင်ဘာ ၂၅ ရက်အထိ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ အခြားကစားသမားအချို့ကိုလည်း ထိုင်းကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်