၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များရေးဆွဲ

၁၂ မတ်

 

၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆင့်အားလုံးအတွက် မဲနှိုက်ရေးဆွဲခဲ့သည်။

 

ပွဲစဉ်ရေးဆွဲပွဲ အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလပ်အသင်းများမှာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 

 

အခမ်းအနားတွင်  မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြိုင်ပွဲကျင်းပမည့်အစီအစဉ်များ၊ မဲနှိုက်ရေးဆွဲရန် သတ်မှတ်ထားမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မဲနှိုက်ရေးဆွဲပေးကြသည်။ ပြိုင်ပွဲကို ဧပြီ ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့်ကျင်းပကာ ကျန်အဆင့်များကို တစ်ကျော့တည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအဆင့်ပွဲစဉ်များကို ဧပြီ ၈၊ ၉ ရက်၊ ဒုတိယအဆင့်ပွဲစဉ်များကို ဧပြီ ၂၉ ရက်၊ မေ ၃၊ ၄ ရက်၊ တတိယအဆင့်ပွဲစဉ်များကို မေ ၁၉၊ ၂၀၊ ၂၇ ရက်၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၊ ၈ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို သြဂုတ် ၈၊ ၉ ရက်၊ ဒုတိယအကျော့ကို သြဂုတ် ၁၅၊ ၁၆ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် MNL ကလပ် ၁၂ သင်း၊ MNL-2 (ပထမတန်း) ကလပ်ရှစ်သင်းနှင့် အပျော်တမ်းငါးသင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အပျော်တမ်းအသင်းများအနက် ရန်ကုန်ပရီးမီးယားလိဂ်ချန်ပီယံအသင်းနှင့် Play-off အဆင့်မှ အနိုင်ရအသင်းတို့သာ ထွက်ပေါ်ရန် ကျန်ရှိတော့သည်။

 

ပွဲစဉ်မဲနှိုက်ရေးဆွဲထားမှုအရ ပထမအဆင့်အြဖြစ် ဧပြီ ၈ ရက်တွင် 10/Mon အသင်းနှင့် ပေါင်းလောင်းအသင်း၊ တက္ကသိုလ်အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ယောမြေအသင်း၊ ဧပြီ ၉ ရက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ပရီးမီးယားလိဂ်ချန်ပီယံအသင်း၊ ငွေကြယ်ပွင့်အသင်းနှင့် Play-off အဆင့်မှ အနိုင်ရအသင်း၊ မောရဝတီအသင်းနှင့် Happy Friendship အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ Play-off ပွဲအဖြစ် အပျော်တမ်းအသင်းများဖြစ်သည့် ရန်ကုန်လိဂ်ပြိုင်ပွဲ တတိယဆုရ ရွှေပြည်သာအသင်းနှင့် ရန်ကုန်ပရီးမီးယားလိဂ် FA Cup ချန်ပီယံ ဇီးကုန်းအသင်းတို့ ကစားမည်ဖြစ်ပြီး အနိုင်ရသည့်အသင်း ကစားခွင့်ရမည်ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် 10 Mon/ပေါင်းလောင်းပွဲမှ အနိုင်ရသည့်အသင်းနှင့် Chinland အသင်း၊ Southern အသင်းနှင့် တက္ကသိုလ်/ကချင်ပွဲမှ အနိုင်ရသည့်အသင်း၊ Junior Lions/ယောမြေပွဲမှ အနိုင်ရသည့်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် မြဝတီ/ရန်ကုန်ပရီးမီးယားလိဂ်ချန်ပီယံပွဲမှ အနိုင်ရသည့်အသင်း၊ ငွေကြယ်ပွင့်/Play-offပွဲမှ အနိုင်ရသည့်အသင်းနှင့် ဇွဲကပင်အသင်း၊ မကွေးအသင်းနှင့် မောရဝတီ/Happy Friendship ပွဲမှ အနိုင်ရသည့်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲမှုအရ MNL ကလပ်အသင်းများဖြစ်သည့် ရတနာပုံ၊ စစ်ကိုင်း၊ ဟံသာဝတီနှင့် ရခိုင်အသင်းတို့မှာ တတိယအဆင့်၊ ရှမ်းယူနိုက်တက်၊ ဧရာဝတီနှင့် ရန်ကုန်အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်တို့မှ စတင်ကစားရမည်ဖြစ်သည်။

 

ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုင်း ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ပြိုင်ပွဲတစ်လျှောက်တွင် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က သုံးကြိမ်စီဖြင့် အများဆုံးဗိုလ်စွဲထားပြီး ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီဗိုလ်စွဲထားကာ ယခုရာသီတွင် ၁၀ ကြိမ်မြောက်ကျင်းပခြင်းလည်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်