၂၀၂၀ ပြည့်နှစ်တွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံအဆင့်ပြိုင်ပွဲများ အတည်ပြု

၁၇ ဒီဇင်ဘာ


၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည့် အာဆီယံအဆင့်ပြိုင်ပွဲများ အတည်ပြုလိုက်ပြီဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဒီဇင်ဘာ ၁၀ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်သည့် ပြိုင်ပွဲကျင်းပရေး ကော်မတီအစည်းအဝေးတွင် ပြိုင်ပွဲများအတည်ပြုခဲ့ပြီး ပြိုင်ပွဲကိုးခုကျင်းပရန် စီစဉ်ထားသည်။

 

ယင်းပြိုင်ပွဲကိုးခုကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးလက်ခံကျင်းပမည်ဖြစ်ပြီး အချို့ပြိုင်ပွဲများကို ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ ကျင်းပမည်ဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲကို စက်တင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၊ အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို ဧပြီ/မေလတွင် အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာရာမြို့၊ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ/မေလတွင် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။

 

အမျိုးသားပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို သြဂုတ် ရက်မှ ၁၆ ရက်အထိ အင်ဒိုနိးရှားနိုင်ငံ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ အင်ဒိုနီးရှား နိုင်ငံတို့၌ ကျင်းပမည်ဖြစ်သည်။ ဖူဆယ်ပြိုင်ပွဲနှစ်ခုစလုံးကိုမူ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အာဆီယံ ဖူဆယ်ပြိုင်ပွဲကို ဇူလိုင်/သြဂုတ်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ဖူဆယ်ကလပ် ပြိုင်ပွဲကျင်းပမည့်ရက်ကိုမူ အတည်ပြုခြင်းမရှိသေးပေ။

 

ထို့ပြင် အာဆီယံသဲသောင်ပြင် ဘောလုံးပြိုင်ပွဲကိုလည်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ကာလကို အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုမူ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်ပြိုင်ပွဲမရှိေကြာင်း သိရသည်။ မြန်မာဘောလုံးအသင်းများသည်အာဆီယံအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဝေးကွာနေသောကြောင့် လာမည့်နှစ်တွင် အောင်မြင်မှုရရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်