၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်  ၈  မတ်

 

၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့  တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။

 

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသံရှင်က ထူးမခြားနားသီချင်းခံကို မြန်မာရိုးရာစောင်းသံဖြင့် သီဆိုတီးခတ်ပူဇော်ပြီး ဒုတိယဝန်ကြီး ဦးကြည်မင်း က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ချောင်းဒေါင်းပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကေလာသက သမ္မောဒနီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

 

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့ ချောင်းဒေါင်းစာသင်တိုက် ဆရာတော်ဘဒ္ဒန္တ ကေလာသ ထံ ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

A1

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ပန်းငွေရုံတောရ စာသင် တိုက်ဆရာတော် ဘဒ္ဒန္တသုမနထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

A2

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြို့လယ်ကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလနှင့် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရမေဒိနီ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒဓဇ တို့ထံ လည်းကောင်း၊ 

 

A3

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး မကွေးမြို့ သံဃာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စိန္တာသာရနှင့် မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းဆရာတော် ဘဒ္ဒန္တ အဂ္ဂဉာဏာဘိဝံသတို့ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော် ကြသည်။

 

A4

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွာသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဝံသနှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ တို့ထံလည်းကောင်း၊

 

A5

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေမင်းဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ စေတျာရာမဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယဓဇ တို့ထံလည်းကောင်း၊

 

A6

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝေဠုရိယနှင့် ရှမ်းပြည်နယ် မိုင်းယောင်း မြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ တို့ထံလည်းကောင်း၊ ဘွဲ့တံ ဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့က အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဆရာတော်များထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို က အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဂူနီချောင်မှ သီလရှင်ဆရာကြီး ဒေါ်ကေတုဝတီ၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ သဒ္ဓမ္မပါလ သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ကုလဉာဏီနှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သာသနာ့မဉ္ဇူ ယင်းမာမြိုင်သီလရှင် စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်သုစာရီတို့ထံ ဘွဲ့တံဆပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

A6

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း က အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့ မဟာစည်သာသနာ့ရိပ်သာမှ သီလရှင် ဆရာကြီး ဒေါ်စန္ဒာသိရီ၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ဓမ္မဂုဏ်ရည်စာသင်တိုက်မှ သီလရှင် ဆရာကြီး ဒေါ်ဂုဏထေရီနှင့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ခေမေသကချောင်မှ သီလရှင်ဆရာကြီး ဒေါ်အဉ္စနဝတီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

A7

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး နန့်ကြင်ကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါက်တာစိန်စိန်သိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများက  မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲတံဆိပ် တော်ရ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။

 

A8

 

 

A9

 

ထို့နောက် လူပုဂ္ဂိုလ်အမျိုးသားများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးမောင်သိန်း၊ ဦးဇော်မိုးခိုင်၊ ဦးဝိတ်၊ ဦးစိုင်းမျိုးဝင်း၊ ဦးထွန်းဖေ၊ ဦးကိုကိုထွေး၊ ဦးသိန်းဟန်နှင့် ဦးဇော်ဝင်းထွန်းတို့ကို ဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် လူပုဂ္ဂိုလ်အမျိုးသမီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရ ဒေါ်စမ်းစမ်း၊ ဒေါ်လှလှဝေ၊ ဒေါ်ရင်ရွှင်၊ ဒေါ်လွင်လွင်ဝေ၊ ဒေါက်တာခင်ခင်ရီ၊ ဒေါ်တင်လတ်မင်း၊ ဒေါ်နန်းခင်မြင့်ရီ၊ ဒေါ်တင်(ခ)ဒေါ်တင်တင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်တင်မေလတ်နှင့် ဒေါ်ချောချော(ခ) ဒေါ်အေးချောတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ ဒေါ်ခင်ဝါဝါ၊ ဒေါ်ခင်ညွန့်၊ ဒေါ်လယ်လယ်အောင်၊ ဒေါ်မီမီစိန်၊ ဒေါ်မြင့်မြင့်နွယ်၊ ဒေါ်ချိုမာလွင်နှင့် ဒေါ်စိုးသန္တာတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ရ ဦးမိုး၊ ပါမောက္ခ ဒေါက်တာကြည်စိုး၊ ဒေါက်တာမောင်မောင်ဦး၊ ဦးဇော်ဝင်းနှင့် ဦးဟန်ရှင် တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

အလားတူ ဒုတိယသမ္မတ ဦးဟင်ရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်ယဉ်ထွေး၊ ဒေါ်မြသန်း၊ ဒေါ်တင်အုန်း၊ ဒေါ်ခင်စိုးရီနှင့် ဒေါ်ခင်ခင်စုတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ရ ဦးကျော်စိုးဦး၊ ဦးတင်ဝင်းညို၊ ဦးကျော်စွာဝင်း(ခ) ဦးမြကျော်စွာဝင်း၊ ဦးအောင်တိုးနှင့် ဦးမောင်မောင် တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ထို့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး နန့်ကြင်ကြည် က သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်သင်းသင်း၊ ဒေါ်ကြည်ခင်၊ ဒေါ်ဆွေဆွေဦး၊ ဒေါ်ခင်ရွှေနှင့် ဒေါ်ခင်အုန်းမြင့်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က သီရိသုဓမ္မမဏိဇောတဓရ၊ သီဟသုဓမ္မမဏိ ဇောတဓရ၊ သုဓမ္မမဏိဇောတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသားများအား  ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့အတူ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများက သီရိသုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီ၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီးများကို  ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။

A10

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမ ပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ် များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

 

A11

 

ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် ဆရာတော် ၃၂၂ ပါး၊ သီလရှင်ဆရာကြီး ၂၄ ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် များကို ဆက်ကပ်ခဲ့ပြီး  လူပုဂ္ဂိုလ်အမျိုးသား ၅၀ နှင့် အမျိုးသမီး ၉၁ ဦး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်