၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၆ မတ်

 

မြန်မာရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ၌  ကျင်းပသည်။

 

အခမ်းအနားတွင် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကား ထိန်းသိမ်းရေး လုပ်ငန်းတွင် ပါဝင်ခဲ့သူများနှင့် မိတ်ဆက်ပေးပြီး ပြန်လည် ပြုပြင်ထိန်းသိမ်းထားသော ဂျပန့်ရင်သွေး ရုပ်ရှင်ကို မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama Ichiro နှင့် ဂျပန်နိုင်ငံ အမျိုးသားရုပ်ရှင်မော်ကွန်းတိုက် ညွှန်ကြားရေးမှူး Mr. Okajima  Hisahi တို့က ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် တာဝန်ရှိသူတို့က လက်ခံယူသည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင် ရုပ်ရှင်ပွဲတော် ပထမနေ့အဖြစ် ဂျပန့် ရင်သွေးရုပ်ရှင်ဇာတ်ကားအားပြသရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့်သံရုံးတာဝန်ရှိသူများ၊ Agency for Cultural Affairs မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ရုပ်ရှင်ချစ်ပရိသတ်များကြည့်ရှုအားပေးကြသည်။

 

အဆိုပါ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်သော Agency for Cultural Affairs  တို့၏ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို ယနေ့မှစ၍ မတ် ၈ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်သည်။

 

ပွဲတော် ပထမနေ့ (မတ် ၆ ရက်) ညနေ ၆ နာရီခွဲတွင် ဂျပန်နှင့်မြန်မာ ပူးပေါင်း ဖန်တီးထားသည့် ပထမဆုံးသော ဂျပန်၊ မြန်မာရုပ်ရှင် "ဂျပန့်ရင်သွေး"  ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းထားသည့် ၁၉၅၈ မှ ၁၉၈၀ ခုနှစ်အတွင်းရိုက်ကူးခဲ့သော ဂျပန်နိုင်ငံ ကိုယ်စားပြု ဂျပန်ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများဖြစ်သည့်  My Neighbor Totoro ၊ Godzilla ၊ Rashomon ၊ Tora-san, The Lovable Tramp ၊ Tokyo Story တို့ နှင့် အတူ ဂျပန့်ရင်သွေးရုပ်ရှင်ဇာတ်ကားအား ပြန်လည်ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ရိုက်ကူးတင်ပြမည့် မှတ်တမ်းရုပ်ရှင် (ရိုက်ကူးဆဲ) တို့အား အခမဲ့ ပြသသွားမည်ဖြစ်သည်။

 

ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါရုပ်ရှင်ဇာတ်ကားများမပြသမီ တစ်နာရီ ကြိုတင်၍ ရုပ်ရှင်လက်မှတ်များကို ဦးရာလူစနစ်ဖြင့် ယင်းရုပ်ရှင်ရုံ၌ထုတ်ယူနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်