၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၅) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုဆုံးဖြတ်ချက်များ

မောင်စာဂ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကန့်ကွက်လွှာနှင့် အယူခံမှု ဆုံးဖြတ်ချက်များ (ကောက်နုတ်ချက်) စာအုပ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာနှင့် အယူခံမှု ဆုံးဖြတ်ချက်များ (ကောက်နုတ်ချက်) စာအုပ်နှစ်အုပ်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ထုတ်ဝေခဲ့သည်။ မည်သည်ကြောင့် ထုတ်ဝေခဲ့သနည်း။ မည်သို့အကျိုးရှိစေ နိုင်သနည်း။ မျှဝေပါရစေ။

ရွေးကောက်ပွဲနှင့် ကန့်ကွက်လွှာ

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များရှိသည်။ အချို့သောဒေသများတွင် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်များရှိသည်။ ပါတီများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများရှိသည်။
လွှတ်တော်မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အနည်းဆုံးနှစ်ဦးမှသည် လေးဦး၊ ငါးဦး သို့မဟုတ် ဆယ်ဦးအထက်ပင် ရှိတတ်ကြသည်။ ဆန္ဒမဲအများဆုံးရရှိသူက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ဤတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် တင်မြှောက်ခံရသူသည် ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်မှုများ ပြုလုပ်ခဲ့ပြီး ထိုတရားမဲ့ပြုလုပ်မှုများကြောင့် အနိုင်ရရှိခဲ့သော် ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ် လောင်းက ကန့်ကွက်လွှာအမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းကြသည်။ ကော်မရှင်သည် အဆိုပါကန့်ကွက် လွှာရရှိသည့်အခါ လိုအပ်သလို စစ်ဆေးပြီး အစီရင်ခံစာ တင်ပြစေရန် ရွေးကောက်ပွဲခုံအဖွဲ့ကို ဖွဲ့စည်းပေးရသည်။

ရွေးကောက်ပွဲခုံအဖွဲ့က ကန့်ကွက်လွှာအမှုများကို စစ်ဆေးကြားနာပြီး ကန့်ကွက်လွှာတင်သွင်းမှု မှန်ကန် ခဲ့လျှင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးသည်။ တင်သွင်းမှုမမှန်ကန်ခဲ့လျှင် တင်သွင်းမှုကို ပလပ်ကြောင်း အမိန့်ချသည်။ ဤသို့ပင် ရွေးကောက်ပွဲရှိလျှင် ကန့်ကွက် လွှာဟူသည် ရှိတတ်စမြဲဖြစ်သည်။

 

တရားမဲ့ပြုကျင့်မှုဟူသည် အဘယ်နည်း

လွှတ်တော်ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့၏သဘော တူညီချက်ဖြင့် အခြားသူတစ်ဦးဦးကဖြစ်စေ လာဘ်ပေး လာဘ်ယူမှုပြုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက်ပြုခြင်း၊ သူတစ်ပါးအယောင်ဆောင်ခြင်း၊ မဟုတ်မမှန် ပြောဆိုကြေညာခြင်း၊ မဟုတ်မမှန်ဝန်ခံ လက်မှတ်ရေးထိုးခြင်းသည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။

မဲဆန္ဒနယ်တစ်နယ်အတွင်း ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း သို့မဟုတ် တစ်နယ် ထက်ပိုသော မဲဆန္ဒနယ်မြေများအတွက် ဆန္ဒမဲပေးခြင်း ဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အား အကျိုးရှိစေခြင်းတို့သည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီညွတ်သော အသုံးစရိတ်များ ကျခံ သုံးစွဲခြင်း၊ သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်း၊ မမှန်မကန်ပြုလုပ်ထားသော ရွေးကောက်ပွဲကုန်ကျစရိတ်ငွေစာရင်းကို တင်ပြခြင်း၊
မမှန်ကန်သောငွေစာရင်းကို မှန်ကန်သည်ဟုဝန်ခံခြင်း၊ သတ်မှတ်ထားသည့်အတိုင်း ငွေစာရင်းကိုတင်ပြရန် ပျက်ကွက်ခြင်းတို့သည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။

ပုံနှိပ်ထုတ်ဝေသူတို့၏ အမည်နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက် စာတမ်း၊ ပိုစတာစသည်တို့ကို ဖြန့်ချိထုတ်ဝေခြင်းဖြင့် မိမိတို့လိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အား အကျိုးရှိစေခြင်းသည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။ မဲဆန္ဒရှင်တစ်ဦးအား ဆန္ဒမဲပေးချိန်တွင် ဆန္ဒမဲလက်မှတ် ကို မဲရုံမှအခြားသို့ယူဆောင်သွားရန် တိုက်တွန်းခြင်း၊ သဘောတူညီချက်ပေးခြင်းသည် တရားမဲ့ပြုကျင့်မှု ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရရေးအတွက် အကူအညီကို ဝန်ထမ်းတစ်ဦးဦးထံမှ ရယူခြင်းသည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။

ဘာသာရေးအထိမ်းအမှတ်များအသုံးပြုခြင်း၊ လူမျိုး ရေးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်း ပြု၍ မဲပေးရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ် ပြုလျက် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။ ပါတီတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်းသည် တရားမဲ့ပြုကျင့်မှုဖြစ်သည်။
ဤသည်တို့မှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း ၁၄ ပါ တရားမဲ့ပြုကျင့်မှုများမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်သည်။

 

ယခင်ရွေးကောက်ပွဲများ၏အတွေ့အကြုံ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှုပေါင်း ၂၉ မှုရှိပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လေးမှု ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု ပေါင်း ၄၅ မှု ရှိပြီး ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ခြောက်မှုနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နှစ်မှု ရှိသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ကန့်ကွက်လွှာအမှုပေါင်း ၂၉ မှုတွင် ရွေးကောက်တင် မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်လေးဦးသည် တရားမဲ့ပြုလုပ်ခဲ့ကြောင်း မှန်ကန်၍ ရွေးကောက်တင် မြှောက်ခြင်းမှ ပြန်လည်ပယ်ဖျက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ ကန့်ကွက်လွှာအမှုလေးမှု တွင် တရားမဲ့ပြုကျင့်မှုပြုလုပ်ခဲ့ကြောင်း မပေါ်ပေါက် သဖြင့် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်များအား ပြန်လည်ပယ်ဖျက်ခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ကန့်ကွက် လွှာအမှု ၄၅ မှုတွင် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးသည် လည်း ကောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ ကန့်ကွက်လွှာအမှု ခြောက်မှုတွင် ရွေးကောက်တင် မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သည်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှ ကန့်ကွက်လွှာအမှု နှစ်မှုတွင် ရွေးကောက်တင်မြှောက်ခံ ရသော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး သည်လည်းကောင်း တရားမဲ့ပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း မှန်ကန်၍ ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။

စာအုပ်ထုတ်ဝေခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကန့်ကွက်လွှာအမှုများတွင် မည်သို့စီရင်ဆုံးဖြတ်ခဲ့ ကြောင်း ပြည်သူတို့သိရှိလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ လွတ်လပ်မျှတ၍ သန့်ရှင်းသော ရွေးကောက်ပွဲများဖြစ် စေဖို့ အထောက်အကူပြုနိုင်သည်ဟုလည်း ယုံကြည် သည်။ သို့ဖြစ်သည်နှင့်အညီ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တင်သွင်းခဲ့သောကန့်ကွက်လွှာအမှု ပေါင်း ၂၉ မှုထဲမှ ကန့်ကွက်လွှာအမှု ၁၆ မှု၏ ဆုံးဖြတ် ချက်များကိုစုစည်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ထုတ်ဝေသည့် တရားစီရင်ထုံးများကဲ့သို့ ကောက်နုတ် ချက်စာအုပ်ကို ပြုစုထုတ်ဝေခဲ့သည်။ ယခုထုတ်ဝေသည် မှာ ဒုတိယအကြိမ် ထပ်မံ၍ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် တင်သွင်းခဲ့ သည့် ကန့်ကွက်လွှာအမှုများကို စုစည်း၍ စာအုပ် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။

အလားတူပင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများတွင် တင်သွင်းခဲ့သော ကန့်ကွက်လွှာအမှုပေါင်း ၅၃ မှုထဲမှ ကန့်ကွက်လွှာအမှု ၂၅ မှု၏ ဆုံးဖြတ်ချက်များကိုစုစည်း၍ ကောက်နုတ်ချက်စာအုပ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 

မည်သို့သောတရားမဲ့ပြုကျင့်မှုများဖြင့်ကန့်ကွက်လွှာတင်သွင်းခဲ့ကြပါသလဲ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုဆုံးဖြတ်ချက်များ (ကောက်နုတ်ချက်) စာအုပ်ပါ ကန့်ကွက်လွှာအမှု ၁၆ မှုနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကန့်ကွက်လွှာဆုံးဖြတ်ချက်များ (ကောက် နုတ်ချက်) စာအုပ်ပါ ကန့်ကွက်လွှာအမှု ၂၅ မှု စုစုပေါင်း ကန့်ကွက်လွှာအမှု ၄၁ မှုတို့ကို လေ့လာခြင်းအားဖြင့် အမျိုးမျိုးသော တရားမဲ့ပြုကျင့်မှုများဖြင့် ကန့်ကွက်လွှာ တင်သွင်းခဲ့ကြကြောင်း တွေ့ရသည်။


ဘာသာရေး၊ လူမျိုးရေးကိုအကြောင်းပြ၍ ကန့်ကွက် သည်။ ပုံနှိပ်ထုတ်ဝေသူတို့၏ အမည် နေရပ်မပါသော လက်ကမ်းစာစောင်၊ ကြော်ငြာများထုတ်ဝေဖြန့်ချိခြင်း၊ ဝန်ထမ်းများထံမှ အကူအညီရယူခြင်း၊ နိုင်ငံပိုင်မြေ ကိုအသုံးချခြင်း၊ ခြိမ်းခြောက်ခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ သိက္ခာကျအောင်ပြုခြင်း၊ ငွေစာရင်းများကို မမှန်မကန်တင်ပြခြင်း၊ နိုင်ငံသားဖြစ် ခြင်း-မဖြစ်ခြင်း စသည်များကို အကြောင်းပြ၍ ကန့်ကွက်လွှာတင်သွင်းကြသည်။

တရားသဖြင့်ယှဉ်ပြိုင်၊ အောင်နိုင်အောင်ကြိုးပမ်းကန့်ကွက်လွှာအမှုများပါ ဆုံးဖြတ်ချက်များကို လေ့လာသိရှိရခြင်း ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မည်သို့ သောပြုမူပြောဆို၊ ဟောပြောစည်းရုံးလှုပ်ရှားခြင်းကို ဆောင်ရမည်၊ မည်သည်တို့ကို ရှောင်ရမည်ကို လေ့လာ သိရှိကြမည်ဖြစ်သည်။

ထိုသို့သိရှိထားကြခြင်းဖြင့် မိမိအပေါ် တင်သွင်းလာမည့် ကန့်ကွက်လွှာများကို ဥပဒေနှင့်အညီ ခုခံချေပနိုင်ကြမည်။ မိမိ၏ယှဉ်ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှုအပေါ် တွင်လည်း တရားသဖြင့် မှန်ကန်စွာ ကန့်ကွက်လွှာများ တင်သွင်းနိုင်ကြမည်။ ဆောင်သင့်၊ ရှောင်သင့်သည်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးက သိရှိ နားလည်ကြပြီး ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလုပ်ဆောင်ကြခြင်း၊ တရားမဲ့ပြုကျင့်ရာရောက် သည့်အမှုများ မပြုကြခြင်းဖြင့် ကန့်ကွက်လွှာတင်သွင်း မှုများ ပေါ်ပေါက်လာနိုင်မည်မဟုတ်ပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေသည့် ယခုစာအုပ်နှစ်အုပ်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်အတူသာမက နောင်လာမည့်ရွေးကောက် ပွဲတိုင်းအတွက်လည်း အဖိုးတန်အသုံးဝင်နေမည် ဖြစ်ကြောင်းပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲကြီးတွင်-

တရားမဲ့ပြုကျင့်မှုများ ကင်းစင်ကြပါစေ၊

လွတ်လပ်၊ မျှတ၊ သန့်ရှင်းစွာဖြင့် ပါဝင်ယှဉ်ပြိုင် နိုင်ကြပါစေ၊

တရားသဖြင့် ယှဉ်ပြိုင်၊ အောင်နိုင်အောင် ကြိုးပမ်း နိုင်ကြပါစေ။