၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဟု အတည်ပြု

၂၇  ဒီဇင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

 

လာမည့်ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားသည့် တန်းတက် အား/ကာသိပ္ပံအသင်းသည် ဒီဇင်ဘာ ၂၇ ရက်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျင်းပသည့် လိဂ်ကော်မတီ အစည်းအဝေးတွင် ပြိုင်ပွဲဝင်အသင်းများ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ဧရာဝတီ၊ ရတနာပုံ၊ ရန်ကုန်၊ ဟံသာဝတီ၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ဇွဲကပင်၊ Southern၊ ချင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

mdn

 

ပြိုင်ပွဲကို ဇန်နဝါရီဒုတိယပတ်မှ စက်တင်ဘာ နောက်ဆုံးပတ်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားကို ယခုရက်ပိုင်းအတွင်း အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲကို ၂၀ဝ၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ၁၁ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်နှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။ ၂၀၁၉ ရာသီတွင်မူ ရှမ်းယူနိုက်တက်အသင်းက ရှုံးပွဲမရှိ စံချိန်နှင့်အတူ အမှတ်ပေးချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးသုံးနှစ်အတွင်း ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ရာသီတွင် MNL ကလပ်အသင်းများအတွက် အမှတ်ပေး ပြိုင်ပွဲအပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုပါ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်