၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကစားမည့်ရက်နှင့် ကွင်းများသတ်မှတ်

ရန်ကုန် ၁၃ ဇွန်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲ ပြန်လည်ကစားမည့်ရက်နှင့် ကွင်းများသတ်မှတ်လိုက်ပြီဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လက်ကျန်ပွဲများကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာထံ တင်ပြပြီး ခွင့်ပြုချက်ရပါက သတ်မှတ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇွန် ၁၂ ရက်က ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် လက်ကျန်ပွဲကစားမည့်ရက်များကို အတည်ပြုကာ ကွင်းများကို မဲနှိုက်ရေးဆွဲခဲ့သည်။ လက်ကျန်ပွဲ ၅၄ ပွဲကို ရက်ပေါင်း ၅၀ ကျော်အတွင်း အပြီးကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ YUSC ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည် ဖြစ်သည်။

 

ယခုရာသီ MNL ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းများအနက် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့မှာ ဖျက်သိမ်းသွားပြီဖြစ်သောကြောင့် လက်ကျန်ပွဲများကို ပြန်လည်ရေးဆွဲကာ ယင်းနှစ်သင်း၏ ကစားပြီးသည့်ပွဲရလဒ်အားလုံးကိုလည်း ပယ်ဖျက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ယင်းနှစ်သင်း၏ ရလဒ်များပယ်ဖျက်ပြီးသည့် အမှတ်ပေးဇယားကို ပြန်လည်အတည်ပြုခဲ့ပြီး အသင်းအချို့မှာ ရပ်တည်မှုများ ပြောင်းလဲခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရတနာပုံအပါအဝင် အသင်းအချို့မှာ ရမှတ်များ လျော့ကျခဲ့သောကြောင့် ရပ်တည်မှုတွင် အောက်သို့ရောက်သွားခဲ့သည်။ ပြန်လည်အတည်ပြုထားသည့် အမှတ်ပေးဇယားတွင် ဟံသာဝတီအသင်းက ရှစ်ပွဲကစား ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ဧရာဝတီအသင်းက ခုနစ်ပွဲကစား ၁၇ မှတ်၊ ရန်ကုန် အသင်းက ခုနစ်ပွဲကစား ၁၄ မှတ်၊ ရခိုင်အသင်းက ခုနစ်ပွဲကစား  ၁၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ခုနစ်ပွဲကစား  ၁၁ မှတ်၊ စစ်ကိုင်းအသင်းက ရှစ်ပွဲကစား ၁၀ မှတ်၊ မကွေးအသင်းက ခုနစ်ပွဲကစား ခြောက်မှတ်၊ ရတနာပုံအသင်းက ခုနစ်ပွဲကစား လေးမှတ်၊ အားကာသိပ္ပံအသင်းက ခုနစ်ပွဲကစား သုံးမှတ်၊ Southern အသင်းက ခုနစ်ပွဲကစား တစ်မှတ် ရရှိထားသည်။ ၁၀ သင်းသာ ရှိသောကြောင့် ၁၈ ပွဲသာ ကစားရမည်ဖြစ်ပြီး ဟံသာဝတီနှင့် စစ်ကိုင်းအသင်းမှလွဲ၍ ကျန်အသင်းများမှာ ပထမအကျော့ ပြီးဆုံးရန် နှစ်ပွဲစီ ကစားရမည်ဖြစ်သည်။  

 

လက်ကျန်ပွဲများကို ဇူလိုင် ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉ ရက်၊ သြဂုတ် ၁၊ ၂၊ ၈၊ ၉၊ ၁၅၊ ၁၆၊ ၂၂၊ ၂၃၊ ၂၈၊ ၂၉ ရက်၊ စက်တင်ဘာ ၁၊ ၂၊ ၅၊ ၆ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၂၀) ကျင်းပမည့် ကွင်းများကို သတ်မှတ်ခြင်းမရှိသေးဘဲ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နိုင်သည့်ပွဲအပေါ် မူတည်၍ ကွင်းသတ်မှတ်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်