၂၀၂၀ MNL အမှတ်ပေးချန်ပီယံအသင်း ၂၀၂၁ ချာရတီဖလားပြိုင်ပွဲကို အိမ်ကွင်း၌ လက်ခံကျင်းပခွင့်ရမည်

ရန်ကုန် ၆ ဇန်နဝါရီ

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရသည့်အသင်းသည် လာမည့်နှစ် ချာရတီဖလားပြိုင်ပွဲကို အိမ်ကွင်း၌ လက်ခံကျင်းပခွင့်ရရှိမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် MFF ချာရတီဖလားပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့သော်လည်း လာမည့်ရာသီမှစတင်ကာ ကျင်းပမည့်ကွင်းကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၀ ရာသီ MNL ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်း ၁၂ သင်းအနက် ကိုးသင်းမှာ အိမ်ကွင်းလက်ခံကျင်းပမည်ဖြစ်ပြီး အမှတ်ပေးချန်ပီယံဖြစ်သည့်အသင်းကို ဦးစားပေးသည့်အနေဖြင့် ၂၀၂၁ ချာရတီဖလားပြိုင်ပွဲကို အိမ်ကွင်း၌ လက်ခံကျင်းပခွင့်ရမည်ဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၂ ရာသီမှစတင်ကာ အမှတ်ပေးချန်ပီယံအသင်းနှင့် ရှုံးထွက်ချန်ပီယံအသင်းကို ရာသီကြို ချာရတီဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားစေခြင်းဖြစ်သည်။ ချာရတီဖလားပြိုင်ပွဲကို ကိုးကြိမ် ကျင်းပထားပြီး ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းက သုံးကြိမ်စီဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ ဧရာဝတီအသင်းက နှစ်ကြိမ်၊ မကွေးအသင်းက တစ်ကြိမ်ဗိုလ်စွဲထားသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၀ ချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နှစ်ကြိမ်ဆက်ဗိုလ်စွဲထားသည်။

ချာရတီဖလားပြိုင်ပွဲတစ်လျှောက် ၂၀၁၂ ခုနှစ်တွင်္င် ဧရာဝတီအသင်း၊ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်အမသင်း၊ ၂၀၁၄ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်း (ယခင် ကမ္ဘောဇ)၊ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီအသင်း၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အသင်း၊ ၂၀၁၇ ခုနှစ်တွင် မကွေးအသင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်အသင်း၊ ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်း၊ ၂၀၂၀ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းတို့ ဗိုလ်စွဲထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်