၂၀၂၀ MFF ချာရတီဖလားပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ

၃ ဇန်နဝါရီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် ၂၀၂၀ ရာသီကြို MFF ချာရတီဖလားပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။

ယင်းသတင်းစာရှင်းလင်းပွဲကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်၊ အသင်းခေါင်းဆောင် သီဟစည်သူ၊ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် ဒုတိယအသင်းခေါင်းဆောင် ကျော်ဇင်ထက်တို့ တက်ရောက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ''လာမယ့်ရာသီအတွက် လိုအပ်တဲ့နေရာတွေကို အင်အားဖြည့်တင်းထားပါတယ်။ နိုင်ငံခြားသားကစားသမား လေးဦးခေါ်ယူထားပြီး အဟောင်းတစ်ဦးပါပါတယ်။ အသစ်ခေါ်ထားတဲ့သုံးဦးမှာ နှစ်ဦးက MNL မှာ ကစားနေတဲ့သူဖြစ်တာကြောင့် အတွေ့အကြုံရှိပြီးသားပါ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ စုဖွဲ့မှုကို ဆက်ထိန်းနိုင်ခဲ့တဲ့အပြင် လိုအပ်တဲ့နေရာတွေကို အားဖြည့်နိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ရန်ကုန်အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် ဒီပွဲက ခက်ခဲမှာပါ။ သူတို့ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် အခက်အခဲအများကြီးတော့ မရှိနိုင်ပါဘူး။ ပြီးခဲ့တဲ့ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲက ရှုံးကြွေးကိုပြန်ဆပ်သွားမှာပါ''ဟု ပြောကြားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ''ရာသီကြိုပြင်ဆင်မှုတွေ အများကြီးပြုလုပ်ထားသလို ဒီရာသီမှာ အောင်မြင်မှုရဖို့ မျှော်မှန်းထားပါတယ်။ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရဖို့ ရည်ရွယ်ထားပြီး ချာရတီဖလားကိုလည်း အရယူချင်ပါတယ်။ ကစားသမားသစ် ၁၁ ဦး ခေါ်ထားပေမယ့် ကစားသမားအဟောင်းနဲ့ အသစ်ကို မျှပြီးသုံးမှာပါ။ အိမ်ကွင်းမှာ ကစားရတာဖြစ်တာကြောင့် အားသာချက်ရှိပါတယ်။ ဖိအားတော့မရှိပါဘူး။ အကောင်းဆုံးကြိုးစားပြီး အနိုင်ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

၂၀၂၀ ရာသီ ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီခွဲတွင် YUSC ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ရာသီ အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဘောလုံးပွဲမစမီ မွန်းလွဲ ၂ နာရီမှစတင်ကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်မည်ဖြစ်ပြီး R ဇာနည်၊ ဖြိုးကြီး၊ လွှမ်းပိုင်၊ ဟဲလေး၊ မိုးမိုး၊ ယုန်လေးစသည့် အနုပညာရှင်များက သီဆိုဖျော်ဖြေမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်