၂၀၂၀ မဲခေါင်နိုင်ငံများ ကလပ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

၂၉ ဒီဇင်ဘာ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ၂၀၂၀ မဲခေါင်နိုင်ငံများ ကလပ်အသင်းများပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မဲခေါင်ဒေသနိုင်ငံများအတွက် ရည်ရွယ်ကျင်းပသည့် မဲခေါင်ကလပ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ လာမည့်နှစ်မှ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။ မဲခေါင်ကလပ်ပြိုင်ပွဲကို လေးကြိမ်ကျင်းပခဲ့ပြီး မြန်မာကလပ်အသင်းများအနေဖြင့် နောက်ဆုံးကျင်းပသည့် ၂၀၁၇ ပြိုင်ပွဲမှလွဲ၍ ကျန်သုံးကြိမ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲကို မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ကလပ်အသင်းများအတွက် ကျင်းပခြင်းဖြစ်ပြီး အဆင့်သတ်မှတ်ချက် မြင့်မားသည့် ထိုင်းကလပ် အသင်းများမှာ ဗိုလ်လုပွဲအဆင့်မှ စတင်ကစားရသောကြောင့် အခြားနိုင်ငံများ၏ ကန့်ကွက်မှုများ ရှိလာခဲ့ပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ မဲခေါင်ကလပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုကလပ်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်း၊ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ၂၀၁၆ ခုနှစ်တွင် ရတနာပုံအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီအသင်းမှာ ဒုတိယနေရာရခဲ့ပြီး ကျန်အသင်းများမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

ရန်ကုန်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းပြိုင်ပွဲများဖြစ်သည့် ရာသီကြိုချာရတီဖလားပြိုင်ပွဲ၊ MNL အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲများအပြင် ပြည်ပပြိုင်ပွဲများဖြစ်သည့် AFC Cup ပြိုင်ပွဲခြေစစ်ပွဲနှင့် မဲခေါင်ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ထွန်းက ကိုင်တွယ်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ထားသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်