၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို အသင်းပေါင်း ၂၅ သင်းဖြင့် ကျင်းပမည်

၂  မတ်

 

၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲကို အသင်းအရေအတွက်တိုးမြင့်ထားပြီး အသင်း ပေါင်း ၂၅ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

 

ယခုနှစ်တွင် MNL ကလပ်အသင်းများ၊ MNL-2 (ပထမတန်း) ကလပ်အသင်းများအပြင် အပျော်တမ်းအသင်းများကိုလည်း ပထမဆုံးယှဉ်ပြိုင်ခွင့်ပြုထားသည်။ MNL ကလပ် ၁၂ သင်း၊ MNL-2 ကလပ်အသင်း ရှစ်သင်း၊ အပျော်တမ်းကလပ် ငါးသင်း စုစုပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုရာသီတွင် အသင်းအရေအတွက် တိုးမြှင့်ထားသောကြောင့် ပြိုင်ပွဲကျင်းပသည့်ပုံစံကိုလည်း အနည်းငယ်အပြောင်းအလဲ ပြုလုပ်ထားပြီးဆီမီးဖိုင်နယ်မှလွဲ၍ ကျန်အဆင့်များကို တစ်ကျော့တည်းကျင်းပမည်ဖြစ်သည်။ 

 

ပထမအဆင့်တွင် အပျော်တမ်းကလပ်အသင်းများနှင့် ပထမတန်းကလပ်အသင်းအချို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး MNL ကလပ်အသင်းများမှာမူ ဒုတိယအဆင့်မှစတင်ကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအဆင့်တွင် အပျော်တမ်း ငါးသင်း၊ ပထမတန်း ကလပ်အသင်းများဖြစ်သည့် မြဝတီ၊ တက္ကသိုလ်၊ ငွေကြယ်ပွင့်၊ ကချင်ယူနိုက်တက်၊ မောရဝတီ၊ ယောမြေ၊ Junior Lions အသင်း၊ ဒုတိယအဆင့်တွင် ပထမအဆင့်မှ အနိုင်ရလာသည့် ခြောက်သင်းနှင့် MNLနှင့် ပထမတန်း ကလပ်အသင်းများဖြစ်သည့် မကွေး၊ Southern၊ ဇွဲကပင်၊ ချင်းယူနိုက်တက်၊ အား/ကာသိပ္ပံ၊ Chinland အသင်း၊ တတိယအဆင့်တွင် ဒုတိယအဆင့်မှ အနိုင်ရလာသည့်ခြောက်သင်းနှင့် ရတနာပုံ၊ ဟံသာဝတီ၊ ရခိုင်နှင့် စစ်ကိုင်းအသင်း၊ ကွာတားဖိုင်နယ်တွင် တတိယအဆင့်မှ အနိုင်ရလားသည့် ငါးသင်းနှင့် ရှမ်းယူနိုက်တက်၊ ဧရာဝတီ၊ ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အပျော်တမ်းငါးသင်းအနက် ရန်ကုန်လိဂ်ပြိုင်ပွဲမှ ပထမနှင့် ဒုတိယရအသင်း၊ We Are One Cup Grand Final ပြိုင်ပွဲ ချန်ပီယံအသင်း၊ ရန်ကုန်ပရီးမီယားလိဂ် ချန်ပီယံအသင်း၊ ရန်ကုန်လိဂ်ပြိုင်ပွဲမှ တတိယရအသင်းနှင့် ရန်ကုန်ပရီမီးယားလိဂ် FA ပြိုင်ပွဲမှ ချန်ပီယံအသင်းတို့ Play-Off ကစားပြီး အနိုင်ရသည့်အသင်းတို့မှာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

ပထမအဆင့်ပွဲစဉ်များကို ဧပြီဒုတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မတ်ဒုတိယပတ်တွင် ပွဲစဉ်မဲနှိုက် ရေးဆွဲသည့်အခမ်းအနား ကျင်းပရန် စီစဉ်ထားသည်။ ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲတွင် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က သုံးကြိမ်စီဖြင့် အကြိမ်အများဆုံးဗိုလ်စွဲထားပြီး ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုူက်တက်အသင်းတို့က တစ်ကြိမ်စီဗိုလ်စွဲထားသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်